အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ဝမ်းရောဂါ ဟာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးများ ပါဝင်နေသော အစားအသောက် သို့မဟုတ် မသန့်ရှင်းသော သောက်သုံးရေကို စားသုံးခြင်းကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။

ဝမ်းရောဂါရဲ့ လက္ခဏာများ…
- မကြာခဏ ဝမ်းလျှောခြင်း
- ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း
- အန်ခြင်း၊ ပျို့ခြင်း
- ကိုယ်ပူခြင်း
- ရေဓာတ်ခန်းခြောက်လာခြင်း (ပါးစပ်ခြောက်ခြင်း၊ ဆီးနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း)
အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ရေဓာတ်ခန်းခြောက်မှု မြန်ဆန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ဂရုစိုက်ရန် လိုအပ်ပါတယ်။
ဝမ်းရောဂါဖြစ်ရတဲ့ အကြောင်းရင်းများ…
- မသန့်ရှင်းသော အစားအသောက်များ စားသုံးခြင်း
- မသန့်ရှင်းသော သောက်ရေ သောက်သုံးခြင်း
- အစာမစားခင်နှင့် အိမ်သာအသုံးပြုပြီးနောက် လက်မဆေးခြင်း
- ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ခြင်း
- အစားအသောက်များကို သေချာမချက်ပြုတ်ဘဲ စားသုံးခြင်း
ဝမ်းရောဂါဖြစ်လျှင် ဘာလုပ်သင့်သလဲ?

ဝမ်းလျှောနေချိန်မှာ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။ သန့်ရှင်းသောရေကို များများသောက်ပြီး ဓာတ်ဆားရည် (ORS) ကို ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ အစာကို လုံးဝမရှောင်ဘဲ အစာပျော့ပျော့နှင့် အစာကြေလွယ်သော အစားအစာများကို စားသုံးပေးသင့်ပါတယ်။
ဝမ်းထဲတွင် သွေးပါခြင်း၊ အဖျားကြီးခြင်း၊ ရေဓာတ်ခန်းခြောက်လာခြင်း၊ ဝမ်းလျှောခြင်း ၂ ရက်မှ ၃ ရက်ထက် ပိုမိုကြာမြင့်လာခြင်း သို့မဟုတ် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် လက္ခဏာများ ပြင်းထန်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်စစ်ဆေးကုသသင့်ပါတယ်။
ဝမ်းရောဂါကို ဘယ်လိုကာကွယ်မလဲ?
- အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် သေချာဆေးကြောပါ။
- သန့်ရှင်းပြီး ပြုတ်ထားသော သောက်သုံးရေကိုသာ သောက်ပါ။
- အစားအသောက်များကို ကျက်အောင် ချက်ပြုတ်စားသုံးပါ။
- သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို သန့်ရှင်းစွာ ဆေးကြောပြီးမှ စားသုံးပါ။
- အစားအသောက်များကို အဖုံးအုပ်ထားပြီး ယင်နားမကျစေရန် ဂရုစိုက်ပါ။
သတိပြုစေချင်တာ…
ဝမ်းရောဂါဟာ အများအားဖြင့် ကာကွယ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ လက်ဆေးတဲ့ အလေ့အကျင့်၊ သန့်ရှင်းသော အစားအသောက်နှင့် သောက်သုံးရေကို ရွေးချယ်သုံးစွဲခြင်းက မိမိနဲ့ မိသားစုရဲ့ ကျန်းမာရေးကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
