အစာကို ကောင်းစွာဝါးစားခြင်းဟာအစာခြေစနစ်ရဲ့ အဓိကအဆင့်တစ်ခုပါ။ ပါးစပ်အတွင်း အစာကို ၂၀ မှ ၃၀ ကြိမ်ခန့် ဝါးခြင်းဖြင့် အစာအမှုန်အမွှားများကို သေးငယ်အောင် ချေဖျက်ပေးရုံသာမက အစာခြေစနစ်၏ အခြားအင်္ဂါများအတွက် လုပ်ဆောင်ရမှုကိုလည်း လျှော့ချပေးပါတယ် ။

ဒီအလေ့အကျင့်ဟာ အစာခြေလမ်းကြောင်းရဲ့ပထမဆုံးသော စက်ပိုင်းဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာ လုပ်ဆောင်မှုကို အထောက်အကူပြုနေတာပါ။ တံတွေးတွင် ပါဝင်တဲ့ အင်ဇိုင်းများဟာဘိုဟိုက်ဒရိတ်ဓာတ်ကို စတင်ဖြိုခွဲပေးပြီး အစာအမှုန်အမွှားများကို သေးငယ်အောင် ဝါးခြင်းက အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ပိုမိုလွယ်ကူစေနိုင်ပါတယ် ။ ထို့အပြင် အစာကိုသေချာဝါးခြင်းသည် အဆာပြေမှုကို ပိုမိုမြန်ဆန်စေပြီး အလွန်အကျွံစားသုံးခြင်းကို လျော့ချနိုင်ကာ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရာတွင် အထောက်အကူပြုပါတယ်။

အစာဝါးခြင်း၏ အခြေခံအကျိုးကျေးဇူးများ

ကိုယ်အလေးချိန်ထိန်းခြင်းနှင့် ဆက်စပ်အကျိုးကျေးဇူးများ

  • အစာကိုနှေးကွေးစွာဝါးစားခြင်းဟာဗိုက်ပြည့်တယ်ဟူသော ခံစားချက်ကို ပိုမိုမြန်ဆန်စွာ ရရှိစေပြီး အစားအလွန်အကျွံစားသုံးခြင်းကို လျော့ကျနိုင်စေပါတယ် ။
  • သေချာဝါးစားခြင်း အစားအစာမှ အာဟာရဓာတ်များကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေပြီး ကျန်းမာရေးအတွက် အကျိုးပြုစေမှာပါ။
  • မိနစ် ၂၀ ခန့်ကြာအောင် အစာစားခြင်းဖြင့် အူလမ်းကြောင်းမှ ဦးနှောက်သို့ ဗိုက်ပြည့်ကြောင်း အချက်ပြမှုကို လုံလောက်စွာ ပို့နိုင်တယ်လို့သိရပါတယ် ။

အစာဝါးခြင်းနှင့် သွေးတွင်းသကြားဓာတ်

သေချာဝါးစားခြင်းသည် အစာစားပြီးနောက်ပိုင်း သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းညှိပေးနိုင်မှာပါ။

အစာအမှုန်အမွှားများ သေးငယ်လေလေ အစာခြေစနစ်အတွက် ပိုမိုလွယ်ကူလေဖြစ်ပြီး အစာခြေလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေပါတယ် ။

အစာခြေစနစ်ဆိုင်ရာ သတိပြုစရာများ

အစာကိုသေချာမဝါးဘဲ မျိုချပါက ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ အက်ဆစ်ပြန်တက်ခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ် ။ အစာကို ၂၀-၃၀ ကြိမ်ဝါးခြင်းသည် ပျော့အိသော အစားအစာများအတွက် အကြံပြုထားသော ပမာဏဖြစ်ပြီး မာကြောသောအစားအစာများအတွက် ပိုမိုဝါးရန် လိုအပ်ပါတယ် ။ သေချာဝါးခြင်းအလေ့အကျင့်သည် ဝမ်းချုပ်ခြင်းနှင့် အစာမကြေခြင်းအန္တရာယ်ကို လျော့ကျစေမှာပါ။

ကိုးကားချက်များ

  1. National Nutrition Council, Republic of the Philippines. (2022, April 6). Slowly chew your food. https://nnc.gov.ph/visayas-region/slowly-chew-your-food/
  2. Canadian Digestive Health Foundation. (2025, April 25). Why How You Eat Is Just as Important as What You Eat. https://cdhf.ca/en/why-how-you-eat-is-just-as-important-as-what-you-eat/
  3. BANT (British Association for Nutrition and Lifestyle Medicine). (2022). Mechanical Digestion: Mastication. https://bant.org.uk/wp-content/uploads/2022/04/BANT_FFYH_-MASTICATION.pdf