ကလေးငယ်များဟာ အသက် (၆) လပြည့်ချိန်မှာ မိခင်နို့တစ်မျိုးတည်းမှ ရရှိတဲ့ အာဟာရဓာတ်များနဲ့ မလုံလောက်တော့ဘဲ စွမ်းအင်နဲ့ အာဟာရဓာတ်များ ပိုမိုလိုအပ်လာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မွေးကင်းစကလေးငယ်အား အသက် (၆) လပြည့်ချိန်တွင် မိခင်နို့နှင့်အတူ ဖြည့်စွက်စာများ စတင်ကျွေးရန် အကြံပြုထားပါတယ်။ ဒီအဆင့်ကို ဖြည့်စွက်စာကျွေးခြင်း (Complementary Feeding) လို့ခေါ်ပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်။
ဖြည့်စွက်စာများကို အချိန်မီ စတင်မကျွေးပါက (သို့မဟုတ်) မှန်ကန်စွာ မကျွေးပါက ကလေးရဲ့ ကြီးထွားမှု နှောင့်နှေးခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအချိန်ကာလဟာ အရပ်အမောင်းနဲ့ အာဟာရချို့တဲ့မှုအန္တရာယ် အမြင့်ဆုံးကာလဖြစ်ကာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ ရေရှည်စားသောက်မှု အလေ့အထများအတွက်လည်း အလွန်အရေးပါပါတယ်။

❓ ဖြည့်စွက်စာကို ဘာကြောင့် (၆) လတွင် စတင်ကျွေးသင့်သလဲ
- အသက် (၆) လအရွယ်တွင် ကလေးငယ်ရဲ့ စွမ်းအင်နဲ့ အာဟာရလိုအပ်ချက်ကို မိခင်နို့တစ်မျိုးတည်းဖြင့် မဖြည့်ဆည်းပေးနိုင်တော့ပါ။ အထူးသဖြင့် သံဓာတ်နှင့် သွပ်ဓာတ်ကဲ့သို့သော သတ္တုဓာတ်များ ပိုမိုလိုအပ်လာပါတယ်။
- ဒီအသက်အရွယ်မှာ ကလေးငယ်ဟာ ဖြည့်စွက်စာများကို စတင်စားသုံးရန် ရုပ်ပိုင်းဆိုင်ရာနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
- ဖြည့်စွက်စာကျွေးရန် နှောင့်နှေးခြင်းဟာ ကလေးရဲ့ ကြီးထွားမှုကို များစွာ ထိခိုက်စေနိုင်ပါတယ်။
✅ WHO ၏ အကြံပြုချက်အရ ဖြည့်စွက်စာများတွင် ရှိသင့်သော အချက်များ

- ကလေးကြီးထွားရန်အတွက် လိုအပ်သော စွမ်းအင်၊ ပရိုတင်းနှင့် အာဟာရဓာတ်များ ပြည့်ဝစွာ ပါဝင်ရပါမယ်။
- သန့်ရှင်းစွာ သိမ်းဆည်းပြင်ဆင်ပြီး သန့်ရှင်းသော လက်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို အသုံးပြု၍ ကျွေးရပါမယ်။
- ကလေးရဲ့ ဆာလောင်မှုနဲ့ ဗိုက်ပြည့်မှု အချက်ပြချက်များကို လိုက်၍ အသက်အရွယ်နှင့် သင့်တော်သော အကြိမ်ရေ၊ နည်းလမ်းတို့ဖြင့် ကျွေးရမယ်လို့ လမ်းညွှန်ထားပါတယ်။
🥣 အသက်အရွယ်အလိုက် ဖြည့်စွက်စာ ကျွေးမွေးနည်း
- အသက် (၆) လ – ကြေအောင်ထောင်းထားသော၊ ကြိတ်ထားသော (သို့မဟုတ်) အခဲမကျန်သော (Pureed, Mashed, Semi-solid) အစားအစာများကို စတင်ကျွေးနိုင်ပါတယ်။
- အသက် (၈) လ – ကလေးကိုယ်တိုင် ကိုင်စားနိုင်သော လက်ဆုပ်စာ (Finger foods) များကို စတင်ကျွေးနိုင်ပါတယ်။
- အသက် (၁) နှစ် – ကလေးအများစုဟာ မိသားစုနဲ့အတူ တူညီသော အစားအစာများကို စားသုံးနိုင်ပြီဖြစ်ပြီး အာဟာရကြွယ်ဝသော အစားအစာများ (အသား၊ ကြက်၊ ငါး၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများ) ကို ဦးစားပေး ကျွေးသင့်ပါတယ်။
⚠️ ဖြည့်စွက်စာကျွေးရာတွင် ရှောင်ကြဉ်ရမည့်အရာများ
- လက်ဖက်ရည်၊ ကော်ဖီနှင့် သကြားပါသော အချိုရည်များကို လုံးဝ ရှောင်ကြဉ်ပါ။
- သစ်သီးဖျော်ရည်များကို ကန့်သတ်ပါ။ အခြား အာဟာရကြွယ်ဝသော အစားအစာများကို မစားနိုင်တော့လောက်အောင် ဖျော်ရည်များ အလွန်အကျွံ မတိုက်သင့်ပါ။
- လည်ချောင်းနဲ့ လေပြွန်အတွင်း နင်သွားနိုင်သော၊ ဝင်သွားနိုင်သော အစားအစာများ (ဥပမာ – စပျစ်သီးတစ်လုံးလုံး၊ မုန်လာဥအစိမ်းတုံးများ၊ အစေ့အဆန်များ) ကို ရှောင်ကြဉ်ပါ။
ကိုးကားချက်များ
World Health Organization. (2023)WHO Guideline for complementary feeding of infants and young children 6–23 months of age National Institutes of Health (NIH). https://www.ncbi.nlm.nih.gov/books/NBK596427/
World Health Organization. (2023).Appropriate complementary feeding
https://www.who.int/tools/elena/interventions/complementary-feeding
Emergency Nutrition Network. (2024). WHO guideline for complementary feeding of infants and young children 6–23 months of age
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
