ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များရဲ့ အဓိကရင်းမြစ် ဖြစ်ပါတယ်။ ၎င်းတို့တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်တာကြောင့် နာတာရှည်ရောဂါများကို ကာကွယ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို များများစားသုံးခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် အချို့သော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။ အရောင်အသွေးစုံလင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို ရွေးချယ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် အမျိုးမျိုးကို ရရှိနိုင်ပါတယ်။ ထို့ပြင် ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်များပြားတဲ့အတွက် ကိုယ်အလေးချိန် ထိန်းညှိရန်နဲ့ အစာခြေစနစ် ကောင်းမွန်စေရန်လည်း များစွာ အထောက်အကူပြုပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများရဲ့ အာဟာရတန်ဖိုး
- ဗီတာမင်များ : ဗီတာမင်အေ၊ သီယာမင်း (Thiamine)၊ နီယာစင် (Niacin)၊ ဗီတာမင်စီ နဲ့ အခြားသော ဗီတာမင်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။
- သတ္တုဓာတ်များ : ကယ်လ်စီယမ်၊ ဖော့စဖရပ်နဲ့ သံဓာတ်ကဲ့သို့သော ခန္ဓာကိုယ်အတွက် အရေးပါသည့် သတ္တုဓာတ်များ ပါဝင်ပါတယ်။
- ကယ်လိုရီနည်းပါးခြင်း : အမျှင်ဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးကာ ဟင်းသီးဟင်းရွက် အများစုသည် ၁၀ဝ ဂရမ်လျှင် ကယ်လိုရီ ၅၀ အောက်သာ ပါဝင်ပါတယ်။
နေ့စဉ် စားသုံးသင့်သော ပမာဏ
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီး စုစုပေါင်း အနည်းဆုံး ၄၀ဝ ဂရမ် (၅ ကြိမ်ခန့်) စားသုံးရန် အကြံပြုထားပါတယ်။
- မိမိတို့ ဒေသထွက် ရာသီပေါ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ရွေးချယ်စားသုံးခြင်းက လတ်ဆတ်မှုရှိပြီး ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။
အာဟာရ ကြွယ်ဝသော အရင်းအမြစ်များ
- ဟင်းသီးဟင်းရွက်များ : အရွက်စိမ်းအမျိုးမျိုး၊ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ သခွားသီး၊ မုန်လာဥနီ၊ ပဲတီစိမ်း၊ ခရမ်းချဉ်သီး၊ ကညွတ်၊ မှို အစရှိသည်တို့ ပါဝင်ပါတယ်။
- သစ်သီးများ : ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ မက်မွန်သီး၊ ထောပတ်သီး၊ ဘယ်ရီသီးအမျိုးမျိုး၊ လိမ္မော်သီး အစရှိသည်တို့ ပါဝင်ပါတယ်။
များများစားခြင်းရဲ့ အကျိုးကျေးဇူးများ
- ရောဂါကာကွယ်ခြင်း : နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အချို့သော ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
- ကိုယ်အလေးချိန် ထိန်းခြင်း : ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များသောကြောင့် ဗိုက်ပြည့်မှုကို ကြာရှည်ခံစေကာ အလွန်အကျွံ စားသောက်မိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
- အစာခြေစနစ် ကောင်းမွန်ခြင်း : အမျှင်ဓာတ်ဟာ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
- ကိုယ်ခံအား ကောင်းမွန်ခြင်း : ဗီတာမင်စီ နှင့် အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) သည် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
ကိုးကားချက်များ
– EBT Shopper သစ်သီးများနှင့်ဟင်းသီးဟင်းရွက်
. https://ebtshopper.com/my/wic-benefit-recipes-fruits-and-vegetables-cat-19/
– World Health Organization. (2024).
Healthy diet https://www.who.int/news-room/fact-sheets/detail/healthy-diet
– Harvard T.H. Chan School of Public Health. (2024). Vegetables and Fruits
https://www.hsph.harvard.edu/nutritionsource/what-should-you-eat/vegetables-and-fruits
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။