ပုံမှန် ကင်ဆာစစ်ဆေးမှုခံယူခြင်းဟာ ရောဂါလက္ခဏာမပြသေးတဲ့ အဆင့်မှာပင် ကင်ဆာ (သို့မဟုတ်) ကင်ဆာဖြစ်လာနိုင်သည့် အကြိုအဆင့်များကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်တဲ့ အရေးကြီးဆုံး ကာကွယ်ရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စောစီးစွာ တွေ့ရှိခြင်းဟာ ကုသမှုအောင်မြင်နှုန်းကို မြှင့်တင်ပေးနိုင်ပြီး၊ ပြင်းထန်မှုနည်းသော ကုသမှုများဖြင့် ထိရောက်စွာ ကုသနိုင်ကာ ကင်ဆာကြောင့် သေဆုံးရမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
သုတေသနပြုချက်များအရ ကင်ဆာဖြစ်ပွားမှု စုစုပေါင်း ၇.၁ သန်းခန့်ဟာ ကြိုတင်ကာကွယ်၍ရနိုင်တဲ့ အကြောင်းရင်းများနဲ့ ဆက်စပ်နေပါတယ်။ ထိုအထဲတွင် ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲခြင်းက (၃.၃ သန်း) ဖြင့် အဓိက အကြောင်းရင်း ဖြစ်နေပါတယ်။ ထို့ကြောင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းအပြင် ကျန်းမာရေးနဲ့ ညီညွတ်သော နေထိုင်မှုပုံစံ ပြောင်းလဲခြင်းဟာလည်း ကင်ဆာကာကွယ်ရေးတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးများတွင် အဖြစ်အများဆုံးနဲ့ သေဆုံးမှုအများဆုံး ကင်ဆာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းရန်အတွက် အစိုးရအနေနဲ့ ပါပီလိုမာဗိုင်းရပ်စ် (HPV) ကာကွယ်ဆေးထိုးနှံခြင်းနဲ့ စစ်ဆေးကုသရေးစနစ်များ မြှင့်တင်ခြင်း အပါအဝင် အမျိုးသားအဆင့် ကင်ဆာကာကွယ်ရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

စစ်ဆေးမှုခံယူခြင်း၏ အရေးပါမှုနဲ့ အခြေခံမူများ
- အဓိကရည်ရွယ်ချက် : ရောဂါလက္ခဏာမပြသေးသော သူများတွင် ကင်ဆာ (သို့မဟုတ်) အကြိုအဆင့်များကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး အချိန်မီကုသမှု ခံယူနိုင်ရန် ဖြစ်ပါတယ်။
- သတိပြုရန် : စစ်ဆေးမှုများဟာ အကျိုးကျေးဇူးများစွာ ရှိသော်လည်း တစ်ခါတစ်ရံ မှားယွင်းသောရလဒ်များ (False-Positive/False-Negative) ထွက်ပေါ်နိုင်တာကြောင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်ရခြင်း၊ ထပ်မံစစ်ဆေးမှုများနဲ့ ကုသမှုများ ခံယူရခြင်းမျိုး ရှိနိုင်ပါတယ်။ အချို့ကိစ္စများတွင် ရှာဖွေတွေ့ရှိသော ကင်ဆာသည် ဆေးခန်းပြသရန် အရေးမကြီးဘဲ မလိုအပ်သော ကုသမှုများကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

အဖြစ်များသော ကင်ဆာများအတွက် စစ်ဆေးမှု လမ်းညွှန်ချက်များ
- ရင်သားကင်ဆာ : အသက် ၄၀ မှ ၄၄ နှစ်ကြား အမျိုးသမီးများသည် နှစ်စဉ် မာမိုဂရမ် (Mammogram) ရိုက်ကူးခြင်းကို စတင်ရန် ဆုံးဖြတ်နိုင်ပါတယ်။ အသက် ၄၅ နှစ်မှ ၅၄ နှစ်အထိ နှစ်စဉ်ရိုက်ကူးရန်နှင့်၊ အသက် ၅၅ နှစ်နဲ့အထက်မှာတော့ ၂ နှစ်တစ်ကြိမ် (သို့မဟုတ်) နှစ်စဉ် ဆက်လက်ရိုက်ကူးရန် အကြံပြုထားပါတယ်။ မြန်မာနိုင်ငံရှိ ဆေးရုံအချို့၏ လမ်းညွှန်ချက်အရ အသက် ၄၀ နဲ့အထက် အမျိုးသမီးများနဲ့ မိသားစုရာဇဝင်ရှိသူများကို နှစ်စဉ် မာမိုဂရမ်ရိုက်ရန် အထူးတိုက်တွန်းထားပါတယ်။
- သားအိမ်ခေါင်းကင်ဆာ : အသက် ၃၀ မှ ၄၉ နှစ်ကြား အမျိုးသမီးများကို အဓိကစစ်ဆေးရန် အကြံပြုထားပါတယ်။ WHO ရဲ့ လမ်းညွှန်ချက်အရ HPV DNA စစ်ဆေးခြင်းကို ဦးစားပေးရန်နဲ့ စစ်ဆေးမှုကို ၅ နှစ်မှ ၁၀ နှစ်တစ်ကြိမ် ပြုလုပ်ရန် ညွှန်ကြားထားပါတယ်။ လက်ရှိလမ်းညွှန်ချက်များတွင် မြို့ပြ/ဆင်ခြေဖုံးဒေသများတွင် VIA စစ်ဆေးခြင်းကို အသုံးပြုပြီး၊ ကျေးလက်ဒေသများတွင် မိမိကိုယ်တိုင် နမူနာယူသည့် HPV DNA စစ်ဆေးခြင်းကို အသုံးပြုရန် ချမှတ်ထားပါတယ်။
- အူမကြီးကင်ဆာ : အသက် ၄၅ နှစ်တွင် စတင်စစ်ဆေးရန် အကြံပြုထားပြီး၊ အဓိကနည်းလမ်းမှာ ၁၀ နှစ်တစ်ကြိမ် ကိုလိုနိုစကုပ် (Colonoscopy – အူမကြီးမှန်ပြောင်းကြည့်ခြင်း) ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အခြားရွေးချယ်စရာများအနေဖြင့် နှစ်စဉ် FIT ဝမ်းစစ်ဆေးခြင်း၊ ၃ နှစ်တစ်ကြိမ် MT-sDNA စစ်ဆေးခြင်းတို့လည်း ပါဝင်ပါတယ်။
- အဆုတ်ကင်ဆာ : အသက် ၅၀ မှ ၈၀ ကြားရှိပြီး ဆေးလိပ်အလွန်အကျွံ သောက်သုံးဖူးသူများ (ဥပမာ – တစ်နေ့လျှင် တစ်ထုပ်နှုန်းဖြင့် နှစ် ၂၀ ကြာ သောက်ဖူးသူ) (သို့မဟုတ်) လွန်ခဲ့သော ၁၅ နှစ်အတွင်း ဆေးလိပ်ဖြတ်ထားသူများအနေဖြင့် နှစ်စဉ် Low-Dose CT (LDCT) ရိုက်ကူးရန် အကြံပြုထားပါတယ်။
- ဆီးကျိတ်ကင်ဆာ : အသက် ၅၀ ကျော် သာမန်အန္တရာယ်ရှိသော အမျိုးသားများနှင့် အသက် ၄၅ ကျော် အန္တရာယ်များသော အမျိုးသားများသည် PSA သွေးစစ်ဆေးမှုခံယူရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
စစ်ဆေးမှုမခံယူမီ ထည့်သွင်းစဉ်းစားရမည့်အချက်များ

- မိသားစုရာဇဝင်နှင့် ဗီဇ : မိသားစုတွင် ကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း၊ BRCA ကဲ့သို့သော ဗီဇပြောင်းလဲမှုများရှိခြင်းတို့သည် ကင်ဆာဖြစ်ပွားနိုင်ခြေ အန္တရာယ်ကို မြင့်မားစေသောကြောင့် အကြံပြုထားသည့် အသက်အရွယ်ထက် ပိုမိုစောစီးစွာ စစ်ဆေးမှု စတင်သင့်ပါတယ်။
- အသက်အရွယ် : ကင်ဆာအမျိုးအစားအလိုက် စတင်ရမည့် အသက်အရွယ် ကန့်သတ်ချက်များ (ဥပမာ – အူမကြီးကင်ဆာအတွက် အသက် ၄၅ နှစ်) ရှိသကဲ့သို့၊ အသက်အရွယ် အလွန်ကြီးရင့်သူများအတွက်မူ စစ်ဆေးမှု၏ အကျိုးကျေးဇူးထက် နောက်ဆက်တွဲအန္တရာယ်က ပိုများနိုင်သဖြင့် ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရန် အကြံပြုထားပါတယ်။
ကိုးကားချက်များ
– National Foundation for Cancer Research. (2026). Cancer Detection Guidelines
https://www.nfcr.org/cancer-detection-guidelines
– World Health Organization. (2025). A short guide to cancer screening
https://cci4eu-staging.aws-lcb.iarc.who.int/resource/a-short-guide-to-cancer-screening-who
– Victoria Hospital Myanmar. (2026). Mammogram and Breast Cancer Screening
https://victoriahospitalmyanmar.com/news-health/9117-2
– WVU Cancer Institute. (2025). Cancer Screening and Prevention Guidelines
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
