ရင်သားကိုယ်တိုင်စစ်ဆေးခြင်း (BSE) ဆိုတာ မိမိရဲ့ ရင်သားတွေကို ပုံမှန်စစ်ဆေးပြီး ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကို စောစီးစွာ သိရှိနိုင်ရန် ဆောင်ရွက်ရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ဟာ မိမိရင်သားရဲ့ ပုံမှန်အနေအထားကို သိရှိစေပြီး အသစ်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို သတိပြုမိစေဖို့ အထောက်အကူပြုပါတယ်။
ကိုယ်တိုင်စစ်ဆေးခြင်းဟာ မမ်မိုဂရမ် (Mammogram) ရိုက်ခြင်းနဲ့ ဆေးခန်းတွင် စစ်ဆေးခြင်းတို့အတွက် အစားထိုးမဟုတ်သော်လည်း ၎င်းတို့နဲ့ တွဲဖက်လုပ်ဆောင်သင့်တဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုများအရ ရင်သားကင်ဆာရှင်များရဲ့ (၂၅) ရာခိုင်နှုန်းခန့်ဟာ ကိုယ်တိုင်စစ်ဆေးခြင်းမှတစ်ဆင့် ရောဂါကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။
ရင်သားကိုယ်တိုင်စစ်ဆေးခြင်း၏ အရေးပါမှု

- စောစီးစွာ သိရှိနိုင်ခြင်း – မိမိဘာသာ စစ်ဆေးခြင်းဖြင့် သေးငယ်သော အဖုအကြိတ်များကိုပါ စောစီးစွာတွေ့ရှိနိုင်ပြီး အချိန်မီ ကုသမှုခံယူနိုင်ပါတယ်။
- ပြောင်းလဲမှုများကို သတိပြုမိခြင်း – ပုံမှန်စစ်ဆေးခြင်းဖြင့် မိမိရင်သားရဲ့ ပုံမှန်ခံစားရပုံနဲ့ ပုံပန်းသဏ္ဍာန်ကို သိရှိထားသောကြောင့် ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲများကို ချက်ချင်း သတိပြုမိစေပါတယ်။
- မှတ်သားရန် – ရင်သားမှာတွေ့ရှိရတဲ့ အဖုအကြိတ်များရဲ့ (၈၀) ရာခိုင်နှုန်းခန့်ဟာ ကင်ဆာမဟုတ်တဲ့ အရည်အိတ်များ (သို့မဟုတ်) အမျှင်တစ်ရှူးများသာ ဖြစ်တတ်ပါတယ်။ သို့သော် အသစ်တွေ့ရှိတဲ့ အဖုအကြိတ်တိုင်းကို ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။
စစ်ဆေးသင့်သည့်အချိန်နှင့် အကြိမ်ရေ

- ရာသီလာနေဆဲ အမျိုးသမီးများ – ရာသီစက်ဝန်း စတင်ပြီး (၃) ရက်မှ (၅) ရက်အကြာ (ရင်သားများ မရောင်ရမ်းတော့သည့်အချိန်) တွင် စစ်ဆေးသင့်ပါတယ်။
- ရာသီမလာတော့သော အမျိုးသမီးများ – သွေးဆုံးပြီးသူများအနေဖြင့် လစဉ် သတ်မှတ်ထားသော နေ့တစ်နေ့ (ဥပမာ- လဆန်း ၁ ရက်နေ့) တွင် ပုံမှန်စစ်ဆေးသင့်ပါတယ်။
- တစ်လတစ်ကြိမ်သာ စစ်ဆေးပါ – တစ်လလျှင် တစ်ကြိမ်သာ စစ်ဆေးရန် အကြံပြုထားပါတယ်။ တစ်လလျှင် တစ်ကြိမ်ထက်ပို၍ စစ်ဆေးပါက နေ့စဉ်အတက်အကျ ပြောင်းလဲမှုများကြောင့် အမှန်တကယ် အပြောင်းအလဲများကို သတိမထားမိဘဲ ဖြစ်တတ်ပါတယ်။
ရင်သားကိုယ်တိုင်စစ်ဆေးနည်း အဆင့်ဆင့်
အဆင့် (၁) – မှန်ရှေ့တွင် အမြင်အာရုံဖြင့် စစ်ဆေးခြင်း
- လက်နှစ်ဖက်ကို ဘေးချထားပြီး ရင်သားများ၏ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရေပြားအရောင်တို့ကို ကြည့်ရှုပါ။
- လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်ထားပြီး အထက်ပါအချက်များကို ပြန်လည်ကြည့်ရှုပါ။
- လက်နှစ်ဖက်ကို ခါးထောက် (တင်ပါးပေါ်တင်) ပြီး ရင်ဘတ်ကြွက်သားများ တင်းကျပ်လာစေရန် ဖိထားကာ ရင်သားအရေပြား ပြောင်းလဲမှုများ (ဥပမာ- အရေပြားချိုင့်ဝင်ခြင်း၊ လိမ္မော်ခွံကဲ့သို့ ဖြစ်ခြင်း) ကို စစ်ဆေးပါ။
- နို့သီးခေါင်းများကို စစ်ဆေးပြီး အတွင်းသို့ ပြောင်းပြန်ချိုင့်ဝင်သွားခြင်း၊ အရည်ထွက်ခြင်း ရှိမရှိ စစ်ဆေးပါ။
အဆင့် (၂) – လှဲလျောင်းအိပ်နေစဉ် လက်ဖြင့်စစ်ဆေးခြင်း
- ပက်လက်အိပ်ပြီး ညာဘက်ပခုံးအောက်တွင် ခေါင်းအုံး (သို့) မျက်နှာသုတ်ပဝါကို ခံထားကာ ညာဘက်လက်ကို ခေါင်းအနောက်သို့ မြှောက်ထားပါ။
- ဘယ်ဘက်လက်ချောင်း (၃) ချောင်း၏ ထိပ်ဖျားများကို အသုံးပြုပြီး ညာဘက်ရင်သားတစ်ခုလုံးကို စက်ဝိုင်းပုံ (သို့) အပေါ်အောက်ပုံစံဖြင့် ညင်သာစွာ ဖိ၍ စစ်ဆေးပါ။
- အပေါ်ယံ၊ အလယ်အလတ်နဲ့ အနက်ရှိုင်းဆုံး တစ်သျှူးများအထိ ခံစားရရန် ပေါ့ပေါ့၊ အတန်အသင့်နဲ့ ပြင်းပြင်း ဟူ၍ ဖိအားသုံးမျိုးဖြင့် စစ်ဆေးပါ။
- ချိုင်းကြားနှင့် ညှပ်ရိုးအောက်ဘက်အထိ ရင်သားတစ်ရှူးများပါရှိသော နေရာအားလုံးကို စစ်ဆေးပါ။
- နို့သီးခေါင်းကို ညင်သာစွာ ညှစ်ပြီး အရည်ထွက်ခြင်း ရှိ/မရှိ စစ်ဆေးပါ။
- ဘယ်ဘက်ရင်သားကိုလည်း အထက်ပါနည်းအတိုင်း ပြန်လည်စစ်ဆေးပါ။
(အကြံပြုချက်- ရေချိုးနေစဉ် ဆပ်ပြာဖြင့် ချောမွတ်နေချိန်တွင် ရင်သားကို လက်ဖြင့် စက်ဝိုင်းပုံစံ စစ်ဆေးပါ။ ဤအနေအထားသည် ရင်သားအထက်ပိုင်းနှင့် ချိုင်းကြားဘက်သို့ စစ်ဆေးရန် ပိုမိုလွယ်ကူစေပါတယ်။)
ချက်ချင်း ဆရာဝန်နှင့်ပြသရန် သတိပြုရမည့်လက္ခဏာများ
အောက်ပါအပြောင်းအလဲများ တွေ့ရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ-
- အဖုအကြိတ် (Lump) သို့မဟုတ် မာကျောသော အစိတ်အပိုင်းများ တွေ့ရှိခြင်း (ပဲစေ့အရွယ်မှ သစ်ကြားသီးအရွယ်အထိ ကွဲပြားနိုင်သည်)
- ရင်သား သို့မဟုတ် ချိုင်းကြားတွင် မာကျောလာခြင်း၊ ထူထဲလာခြင်း
- ရင်သားအရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန် ပြောင်းလဲလာခြင်း
- အရေပြား ချိုင့်ဝင်သွားခြင်း၊ လိမ္မော်ခွံကဲ့သို့ ဖြစ်ခြင်း၊ နီမြန်းခြင်း
- နို့သီးခေါင်း ပြောင်းပြန်ဝင်သွားခြင်း သို့မဟုတ် ဦးတည်ရာပြောင်းလဲခြင်း
- နို့သီးခေါင်းမှ အရည်ထွက်ခြင်း (အထူးသဖြင့် သွေးပါခြင်း)
- ရင်သား သို့မဟုတ် နို့သီးခေါင်းပေါ်တွင် နှင်းခူကဲ့သို့ အနာဖြစ်ခြင်း၊ အခွံခွာခြင်း
- နှစ်ပတ်ကျော်ကြာ မသက်သာသော နီမြန်းရောင်ရမ်းခြင်း
- ရင်သား သို့မဟုတ် ချိုင်းကြားတွင် ဆက်တိုက်နာကျင်နေခြင်း
အခြားသော လိုအပ်သည့်စစ်ဆေးမှုများ
- Mammogram ရိုက်ကူးခြင်း- အသက် (၄၀) နှစ်နှင့်အထက် အမျိုးသမီးများသည် နှစ်စဉ် မမ်မိုဂရမ် (Mammogram) ရိုက်ကူးခြင်းကို စတင်သင့်ပါတယ်။
- စောစီးစွာ စစ်ဆေးခြင်း- မိသားစုတွင် ရင်သားကင်ဆာရာဇဝင်ရှိပါက ပုံမှန်စစ်ဆေးရမည့် အရွယ်ထက် (၁၀) နှစ်စောပြီး စစ်ဆေးမှု စတင်သင့်ပါတယ်။
- ဆေးခန်းပြသခြင်း- ကိုယ်တိုင်စစ်ဆေးခြင်းအပြင် ဆရာဝန်နှင့်လည်း ပုံမှန်ဆေးခန်းသွားရောက် ပြသစစ်ဆေးမှုကို ခံယူသင့်ပါတယ်။
ကိုးကားချက်များ
Baylor College of Medicine. (2025, October 12). Breast awareness: What to look for in your self-exam. https://cdn.bcm.edu/news/breast-awareness-what-to-look-for-in-your-self-exam
The Ohio State University. (2024, October 21). Breast cancer screening: how you can raise the chances of early detection. https://cancer.osu.edu/blog/how-breast-cancer-screening-raises-the-chances-of-early-detection
Hospital. (2024, September 27). How to familiarize yourself with your breasts through a self-exam. https://www.portsmouthhospital.com/healthy-living/blog/how-to-familiarize-yourself-with-your-breasts-through-a-self-exam
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
