ဗီတာမင်နဲ့ သတ္တုဓာတ်များဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ (Essential Nutrients) ဖြစ်ပါတယ်။

၎င်းတို့ကို မိုက်ခရိုအာဟာရဓာတ် (Micronutrients) ဟုလည်း ခေါ်ဆိုပြီး ခန္ဓာကိုယ်က ပမာဏအနည်းငယ်သာ လိုအပ်သော်လည်း ကျန်းမာရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်တယ်လို့ သိရပါတယ်။

ဗီတာမင်များဟာ သက်ရှိသတ္တဝါများ (အပင်နှင့် တိရစ္ဆာန်) မှ ထုတ်လုပ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ ဖြစ်ပြီး သတ္တုဓာတ်များဟာ မြေဆီလွှာနဲ့ ရေမှ ရရှိသော အင်အော်ဂဲနစ်ဒြပ်စင်များ ဖြစ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်အများစုကို ခန္ဓာကိုယ်မှ သဘာဝအတိုင်း မထုတ်လုပ်နိုင်သောကြောင့် အစားအသောက်မှတစ်ဆင့် နေ့စဉ်ရရှိရန် လိုအပ်ပါတယ်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များတွင် ဗီတာမင် A၊ ဗီတာမင် B1၊ ဗီတာမင် B2၊ ကယ်လ်စီယမ်၊ သံဓာတ်နှင့် ဇင့်ဓာတ်တို့ကဲ့သို့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ နေ့စဉ်စားသုံးမှု မလုံလောက်ခြင်းဟာ ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ စစ်တမ်းများက ဆိုပါတယ်။

ဗီတာမင်၏အမျိုးအစားများ

ရေတွင်ပျော်ဝင်သော ဗီတာမင်များ (Water-soluble vitamins) – ဗီတာမင် C နှင့် ဗီတာမင် B အုပ်စုဝင် (၈) မျိုး (B1, B2, B3, B5, B6, B7, B9, B12) တို့ဖြစ်ပြီး ထိုဗီတာမင်များဟာ ရေတွင်ပျော်ဝင်ပြီး ခန္ဓာကိုယ်တွင် အများအပြား သိုလှောင်၍ မရသောကြောင့် နေ့စဉ်စားသုံးရန် လိုအပ်ပါတယ်။

အဆီတွင်ပျော်ဝင်သော ဗီတာမင်များ (Fat-soluble vitamins) – ဗီတာမင် A, D, E, K တို့ဖြစ်ပြီး ထိုဗီတာမင်များဟာ အဆီတွင်ပျော်ဝင်ပြီး ခန္ဓာကိုယ်ရဲ့ အဆီတစ်ရှူးများနဲ့ အသည်းတွင် သိုလှောင်နိုင်သောကြောင့် နေ့စဉ်စားသုံးရန် မလိုအပ်ပေ။ သို့သော် အလွန်အကျွံစားသုံးပါက အဆိပ်ဖြစ်စေနိုင်ပါတယ်။

သတ္တုဓာတ်  အမျိုးအစားများ

မက်ခရိုသတ္တုဓာတ် (Macrominerals) –  ခန္ဓာကိုယ်က ပမာဏများများ၊ တစ်နေ့လျှင် (၁၀၀) မီလီဂရမ်ကျော် လိုအပ်သော သတ္တုဓာတ်များ ဖြစ်ပါတယ်။

ဥပမာ – ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကလိုရိုက်။

အသေးစားသတ္တုဓာတ် (Trace minerals / Microminerals) –  ခန္ဓာကိုယ်က ပမာဏအနည်းငယ် (တစ်နေ့လျှင် ၁၀၀ မီလီဂရမ်အောက်) သာ လိုအပ်သော သတ္တုဓာတ်များ ဖြစ်ပါတယ်။

ဥပမာ – သံဓာတ်၊ ဇင့်ဓာတ်၊ အိုင်အိုဒင်း၊ ဆီလီနီယမ်၊ ကြေးနီ၊ မန်းဂနိစ်၊ ဖလိုရိုက်၊ ခရိုမီယမ်။

အဓိက ဗီတာမင်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ

ဗီတာမင် A – ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း။
အစားအစာအရင်းအမြစ်များ – အသည်း၊ ကြက်ဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ်ရွက်၊ သရက်သီး။

ဗီတာမင် C – ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်း၊ ဒဏ်ရာများကို ကျက်စေခြင်း၊ သံဓာတ်စုပ်ယူမှုကို အထောက်အကူပြုခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) အဖြစ် ဆောင်ရွက်ခြင်း။

အစားအစာအရင်းအမြစ်များ – လိမ္မော်သီး၊ သင်္ဘောသီး၊ ငရုတ်သီး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်ရွက်။

B အုပ်စုဗီတာမင်များ (B1, B2, B3, B5, B6, B7, B9, B12) – အစားအစာမှ စွမ်းအင်ထုတ်လုပ်မှုကို အထောက်အကူပြုခြင်း၊ အာရုံကြောစနစ်ကောင်းမွန်စေခြင်း၊ သွေးနီဥများ ထုတ်လုပ်ခြင်းတို့တွင် အရေးပါတယ်လို့ သိရပါတယ်။

ဗီတာမင် D – ကယ်လ်စီယမ်စုပ်ယူမှုကို အထောက်အကူပြုပြီး အရိုးများ သန်မာစေခြင်း။ နေရောင်ခြည်မှ ခန္ဓာကိုယ်အတွင်း ထုတ်လုပ်နိုင်သော တစ်ခုတည်းသော ဗီတာမင်ဖြစ်ပါတယ်။

ဗီတာမင် E – ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပြီး ဆဲလ်များကို ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ အရေပြားကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဗီတာမင် K – သွေးခဲခြင်းနဲ့ ဒဏ်ရာများ ကျက်စေခြင်းအတွက် အရေးပါတယ်လို့ သိရပါတယ်။

အဓိက သတ္တုဓာတ်များရဲ့ လုပ်ဆောင်ချက်များ

ကယ်လ်စီယမ် (Calcium) – အရိုးနှင့် သွားများကို သန်မာစေခြင်း၊ ကြွက်သားနှင့် အာရုံကြောများ၏ လုပ်ဆောင်ချက်အတွက် အရေးပါခြင်း၊ သွေးခဲခြင်းကို အထောက်အကူပြုခြင်း။

အစားအစာအရင်းအမြစ်များ – နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ တို့ဟူး၊ ဗာဒံစေ့၊ ဟင်းနုနွယ်ရွက်။

သံဓာတ် (Iron) – ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ပေးခြင်း၊ စွမ်းအင်ထုတ်လုပ်မှုကို အထောက်အကူပြုခြင်း၊ ကိုယ်ခံအားစနစ်ကို ထောက်ကူခြင်း။

သံဓာတ်ချို့တဲ့ခြင်းသည် ကမ္ဘာ့ကလေး (၂) ဘီလီယံရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို ကန့်သတ်နိုင်သည်ဟု ခန့်မှန်းရပါတယ်။

အိုင်အိုဒင်း (Iodine) – သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး ဇီဝဖြစ်ပျက်မှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်။

အိုင်အိုဒင်းချို့တဲ့ခြင်းသည် မွေးကင်းစကလေးငယ် (၁၈) သန်းတွင် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

ဇင့်ဓာတ် (Zinc) ဟာ ကိုယ်ခံအားစနစ်၊ ဒဏ်ရာကျက်စေခြင်းနှင့် DNA ထုတ်လုပ်ခြင်းအတွက် အရေးပါတယ်လို့ သိရပါတယ်။

မဂ္ဂနီဆီယမ် (Magnesium) – ကြွက်သားနှင့် အာရုံကြောလုပ်ဆောင်ချက်၊ သွေးတွင်းဂလူးကို့စ် စီမံခန့်ခွဲမှု၊ စွမ်းအင်ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။

ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့ခြင်းရဲ့ သက်ရောက်မှု

မမြင်ရသော ငတ်မွတ်မှု (Hidden Hunger) – ဗီတာမင်နှင့် သတ္တုဓာတ်ချို့တဲ့ခြင်းကို ဤအမည်ဖြင့် ခေါ်ဆိုပြီး ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ကို ထိခိုက်စေသည်။ စွမ်းအင်နှင့် ပရိုတင်းဓာတ် လုံလောက်စွာရရှိနေသော်လည်း ဗီတာမင်နှင့် သတ္တုဓာတ် မလုံလောက်မှု ဖြစ်ပွားနိုင်သည်။

ဗီတာမင် A ချို့တဲ့ခြင်း ဟာ နှစ်စဉ် ကလေးငယ် (၅၀၀,၀၀၀) ကို မျက်စိကွယ်စေပြီး အသက် (၅) နှစ်အောက်ကလေး (၆၇၀,၀၀၀) ခန့် သေဆုံးနေတယ်လို့ စစ်တမ်းများအရ သိရပါတယ်။

ဖောလိတ် (Folate) ချို့တဲ့ခြင်း ဟာ နှစ်စဉ် မွေးကင်းစကလေးငယ် (၁၅၀,၀၀၀) ခန့်တွင် မွေးရာပါချို့ယွင်းချက်များကို ဖြစ်စေနိုင်ပါတယ်။

ဇင့်ဓာတ်ချို့တဲ့ခြင်း ဟာ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်သည် ချို့တဲ့မှုအန္တရာယ် မြင့်မားသောဒေသများတွင် နေထိုင်ပြီး ခုခံအားကျဆင်းခြင်းနဲ့ ကူးစက်ရောဂါများကြောင့် သေဆုံးနိုင်ခြေကို မြှင့်တင်ပေးပါတယ်။

ဖြည့်စွက်စာ (Supplements) နှင့် သတိပြုစရာများ

ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအသောက်ရှိသူများအတွက် ဖြည့်စွက်စာများ ပုံမှန်သုံးစွဲရန် မလိုအပ်ဘဲ အကျိုးမရှိပါ။ အစားအစာများတွင် ဖြည့်စွက်စာများတွင် မပါဝင်သော အခြားလိုအပ်သည့် အာဟာရဓာတ်များ ပါဝင်သောကြောင့် အစားအစာမှ ဗီတာမင်နှင့် သတ္တုဓာတ်များကို ရရှိခြင်းက ပိုမိုကောင်းမွန်ပါတယ်။

အချို့သော ဖြည့်စွက်စာများဟာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဥပမာ – ဗီတာမင် A အလွန်အကျွံစားသုံးခြင်းဟာ ဆံပင်ကျွတ်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အရိုးအားနည်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

အချို့သော အခြေအနေများတွင် (ဥပမာ – ကိုယ်ဝန်ဆောင်ချိန်၊ အသက် (၆) လမှ (၅) နှစ်ကြား ကလေးငယ်များ) ဆရာဝန်ညွှန်ကြားချက်ဖြင့် ဖြည့်စွက်စာများ သုံးစွဲရန် လိုအပ်ပြီး မည်သည့်ဖြည့်စွက်စာကိုမဆို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သုံးစွဲသင့်ပါတယ်။

ကိုးကားချက်များ