ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများအတွက် “ယောဂ” ကျင့်စဉ်

ရှေးခေတ်အိန္ဒိယလူမျိုးများရဲ့ သက်ရှည်ကျန်းမာနေထိုင်နည်းတစ်ခုအဖြစ် ကျင့်ကြံခဲ့ကြသော ယောဂကျင့်စဉ်များကို ယနေ့ခေတ်တွင်အားကစားတစ်ခုအသွင်အဖြစ် တစ်ကမ္ဘာလုံးမှလက်ခံလေ့လာနေကြပြီဖြစ်ပါတယ်။ ယောဂကျင့်စဉ်ဟာပေါ်ပေါက်လာတာ နှစ်ပေါင်း(၅၀၀၀)ကျော်လာပါပြီဖြစ်ပါတယ်။

ဒီကျင့်စဉ်ဟာခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ လေရှူရှိုက်မှုတို့ကို စိတ်ဖြစ်စဉ်နဲ့ဆက်စပ်ပြီး အခြေခံဖော်ဆောင်ထားတဲ့ကျင့် စဉ်တစ်ခုပါ။

ယောဂကျင့်စဉ်ကျင့်ခြင်းအဓိကကတော့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနုပျိုလန်းဆန်းခြင်း၊စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ကြံ့ခိုင်ခြင်း၊ ခံယူချက်များပြည့်မြောက်အောင်ဆောင်ရွက်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးများရရှိနိုင်တယ်လို့သိရပါတယ်။

ယောဂဟာတရားထိုင်ခြင်းနဲ့လည်း တွဲဖက်လုပ်ဆောင်ရပါတယ်။ တရားထိုင်ခြင်းဆိုတာကလည်း ရောဂါမတူကြတဲ့လူနာအမျိုးမျိုးအတွက် အကျိုးရှိစေတဲ့အရာတစ်ခုပါ။ ယောဂဟာသူတို့ရဲ့ဖိအားတွေကိုလျှော့ချပေးနိုင်ပြီးစိတ်ကိုတည်ငြိမ်စေတယ်လို့ လူတွေကလက်ခံထားကြပါတယ်။ တကယ်လို့များသင့်မှာနာတာရှည်ပြဿနာရှိခဲ့မယ်ဆိုရင်တော့ ယောဂနဲ့သင်လိုအပ်တဲ့ဆေးဝါးကုသမှုတွေကိုတွဲလုပ်တာက သင့်အတွက်ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။

ယောဂကျင့်ရန်အကောင်းဆုံးအချိန်မှာနံနက်စောစောဖြစ်တယ်။ အဲ့ဒီအချိန်ဟာစိတ်ကြည်လင်ပြီး ယောဂကျင့်စဉ်ကိုပိုမိုအထောက်အကူပြုစေပါတယ်။ မနက်ခင်းလုပ်ဆောင်ခြင်းဟာ တစ်နေ့တာအတွက်စိတ်ကြည်လင်လန်းဆန်းမှုကိုပေးပြီးခန္ဓာကိုယ်အကြောများကိုပြေလျော့စေပါတယ်။ ယောဂကျင့်စဉ်ဟာအချိန်သက်မှတ်ချက်တော့မရှိပါဘူး ညနေပိုင်းနဲ့ညပိုင်းမှာလဲလုပ်ဆောင်နိုင်ပါတယ်။

ညနေခင်းမှာတော့တစ်နေ့တာအလုပ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုများကိုပြေလျော့စေပြီး ညပိုင်းမှာတော့ကောင်းမွန်စွာအိပ်‌ပျော်စေရန်ကူညီပါတယ်။

ယောဂစတင်ကျင့်မယ့်သူများအတွက်အကြံပြုချင်တာကတော့ မိမိရဲ့ခန္ဓာကိုယ်အနေအထားအတိုင်းသာဖြည်းဖြည်းချင်းနဲ့စတင်လေ့ကျင့်ရမှာပါ၊ အဲ့ဒီနောက်အသက်ရှူခြင်းကိုမှန်ကန်စွာလုပ်ဆောင်ရန်လဲအထူးအရေးကြီးပါတယ်။