အစားအစာကို ကျက်အောင်ချက်ပြုတ်ခြင်းဟာအစားအသောက်ကြောင့်ဖြစ်တဲ့ ရောဂါများ (Foodborne Illnesses) ကို ကာကွယ်ရန် အရေးအကြီးဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ကျက်ခြင်းမရှိတဲ့( သို့မဟုတ်) မကျက်သေးသော အစားအစာများတွင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများနဲ့အဆိပ်အတောက်များ ပါဝင်နိုင်ပြီး အစာအဆိပ်သင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်းနှင့် အခြားသော ပြင်းထန်သည့် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်တယ်လို့သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အစားအသောက်ဘေးကင်းရေးအတွက် “အဓိကအချက် (၅) ချက်” (Five Keys to Safer Food) တွင် အစားအစာကို ကျက်အောင်ချက်ပြုတ်ခြင်းကို အဓိကကျသော အချက်တစ်ခုအဖြစ်ထည့်သွင်းဖော်ပြထားပြီးအထူးသဖြင့်အသား၊ကြက်၊ငါး၊ဥများနဲ့ပင်လယ်စာများဟာ အန္တရာယ်အရှိဆုံး အစားအစာအုပ်စုများဖြစ်ပြီး ၎င်းတို့ကို ကျက်အောင်ချက်ပြုတ်ခြင်းဖြင့် အန္တရာယ်ရှိသော ရောဂါပိုးမွှားအများစုကို သေစေနိုင်ပါတယ်။
အစားအစာ ကျက်အောင်ချက်ခြင်းရဲ့အရေးပါမှု

အစားအစာကို သင့်တော်သော အပူချိန်အထိ ချက်ပြုတ်ခြင်းသည် အန္တရာယ်ရှိသော ဘက်တီးရီးယားများ (ဥပမာ – Salmonella, E. coli, Campylobacter, Listeria) နှင့် ဗိုင်းရပ်စ်များကို သေစေပါတယ်။
အသား၊ ကြက်၊ ငါးနဲ့ ဥများတွင် အန္တရာယ်ရှိသော ရောဂါပိုးများ ပါဝင်နိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး အစားအစာကို ကျက်အောင်ချက်ပြုတ်ခြင်းဟာ အစာအဆိပ်သင့်ခြင်းကို ကာကွယ်ပေးပြီး အစားအစာ၏ အာဟာရဓာတ်ကို ပိုမိုစုပ်ယူနိုင်စေပါတယ်။
အစားအစာ ကျက်မကျက် စစ်ဆေးနည်းများ
- ကြက်သားနှင့် အသားများ – ထွက်လာသော အရည်ကြည်များသည် ကြည်လင်နေပါက ကျက်ပြီဟု ဆိုနိုင်ပါသည်။ အသားများသည် အပြင်ဘက်တွင်သာမက အတွင်းဘက်တွင်ပါ အညိုရောင် သို့မဟုတ် အဖြူရောင်သို့ ပြောင်းသွားပြီး အတွင်းပိုင်း ပန်းရောင်အစွန်းများ မကျန်ရပါ။ သို့သော် အရောင်တစ်ခုတည်းကိုသာ အားမကိုးသင့်ပါ။
- ငါးနှင့် ပင်လယ်စာများ – အသားများသည် အလွယ်တကူ ခွဲထွက်လာပြီး အရောင်မှိန်သွားပါက ကျက်ပြီဟု ဆိုနိုင်ပါသည်။
ကျက်အောင်ချက်ပြုတ်ရန် အကြံပြုချက်များ

- အစားအစာကို ကျက်အောင် ညီညာစွာ ချက်ပြုတ်ရန် အပိုင်းအစများကို အရွယ်တူညီစွာ လှီးဖြတ်ပါ။
- မိုက်ခရိုဝေ့ဖ်ဖြင့် အစားအစာကို အပူပေးသည့်အခါ အလယ်ဗဟိုအထိ ကျက်အောင်ချက်ပါ (အဖုံးအုပ်ပြီး လှည့်ပေးခြင်းဖြင့် အညီအမျှကျက်စေပါတယ်) ။
- အစားအစာကို ပြန်အပူပေးသည့်အခါ အနည်းဆုံး (၇၄°C )၊(၁၆၅°F) အထိ ရောက်ရှိအောင် အပူပေးပါ။
- အသားများကို ချက်ပြုတ်ပြီးနောက် အနည်းဆုံး ၃ မိနစ်ခန့် အနားပေးခြင်းဖြင့် အတွင်းပိုင်းအပူချိန်ကို ဆက်လက်မြှင့်တင်ပေးပြီး ဘက်တီးရီးယားများကို ပိုမိုသေစေနိုင်ပါတယ်။
- သွေးပါသော သို့မဟုတ် အစိမ်းလိုက်နီးပါး အသားများ (ဥပမာ – သွေးကြေသား) ကို အထူးသတိထားပါ။- အစိမ်းလိုက်စားသော အစားအစာများ (ဥပမာ – ဆူရှီ) သည် အရည်အသွေးမြင့်၊ လတ်ဆတ်သော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားမှသာ စားသုံးသင့်ပါတယ်။
- အစားအစာကို ကျက်အောင်ချက်ပြီးပါက အချိန်မီ စားသုံးပါ (၂ )နာရီအတွင်း (သို့မဟုတ်) သိမ်းဆည်းပါ။
သတိပြုရမည့် အချက်များ
- ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ခုခံအားကျဆင်းနေသူများသည် အစာအဆိပ်သင့်နိုင်ခြေ ပိုမိုမြင့်မားသောကြောင့် အစားအစာကို အထူးသေချာကျက်အောင်ချက်ပြုတ်ရန် လိုအပ်ပါတယ်။
ကိုးကားချက်များ
– Centers for Disease Control and Prevention (CDC). (2024, April 8). Handwashing: Clean Hands Save Lives
https://www.cdc.gov/clean-hands/about/index.html
– World Health Organization (WHO). (2024, June 21). WHO highlights importance of hand hygiene for patient safety
– Mayo Clinic. (2025, October 11). Hand-washing: Do’s and don’ts
https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/hand-washing/art-20046253
– UNICEF. (2020, June 15). Handwashing: A Family Habit
https://www.unicef.org/myanmar/stories/handwashing-family-habit
– BBC News. (2021, July 30)Coronavirus: The hand-washing technique that kills viruses
https://www.bbc.com/news/av/health-53477705
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
