တစ်နေ့ နှစ်ကြိမ် သွားတိုက်ခြင်းသည် ခံတွင်းသန့်ရှင်းရေး၏ အခြေခံအကျဆုံးနှင့် အရေးအပါဆုံး အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ သွားများနဲ့ သွားဖုံးများပေါ်တွင် နေ့စဉ်ဖြစ်ပေါ်နေတဲ့ သွားချေး (Plaque) နဲ့ ဘက်တီးရီးယားများကို ဖယ်ရှားရန် သွားတိုက်ခြင်းသည် အဓိကကျသော နည်းလမ်းဖြစ်ပါတယ်။
သွားပိုးစားခြင်း (Dental Caries) နဲ့သွားဖုံးရောင်ရမ်းခြင်း (Gingivitis) တို့သည် သွားချေးအတွင်းရှိ ဘက်တီးရီးယားများက ထုတ်လုပ်သော အက်ဆစ်များနဲ့အဆိပ်အတောက်များကို ဖြစ်ပွားစေပါတယ်။ သွားတိုက်ခြင်းဖြင့် သွားချေးများကို ဖယ်ရှားပေးနိုင်ပြီး သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါများကို ကာကွယ်နိုင်ပါတယ်။
ဘာကြောင့် တစ်နေ့ နှစ်ကြိမ် သွားတိုက်သင့်တာလဲ?
သွားချေးကိုဖယ်ရှားပေးခြင်းဟာ သွားများပေါ်တွင်အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ဘက်တီးရီးယားများပါဝင်သော ပျော့ပျောင်းသည့် အလွှာဖြစ်ပြီး သွားတိုက်ခြင်းဖြင့် သွားချေးကို ဖယ်ရှားနိုင်ပါတယ်။ သွားချေးအတွင်းရှိ ဘက်တီးရီးယားများက သကြားဓာတ်ကို ချေဖျက်ရာမှ အက်ဆစ်များ ထုတ်လုပ်ကာ သွားကြွေလွှာကို ပျက်စီးစေပါတယ်။ သွားချေးများဟာ သွားဖုံးများကို ယားယံစေပြီး ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်းနှင့် သွားဖုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ မဖယ်ရှားပါက မာကျောလာပြီး သွားကျောက်ဖြစ်လာကာ သွားဆရာဝန်မှသာ ဖယ်ရှားပေးနိုင်တော့မှာဖြစ်ပါတယ်။ ဘက်တီးရီးယားများနဲ့ ပုပ်နေသော အစာအမှုန်များဟာခံတွင်းအနံ့ဆိုးကို ဖြစ်စေပြီးသွားတိုက်ခြင်းက ၎င်းတို့ကို ဖယ်ရှားပေးနိုင်ပါတယ်။

မှန်ကန်သော သွားတိုက်နည်း
သွားတိုက်တံကို( ၄၅) ဒီဂရီထောင့်ဖြင့် သွားဖုံးဆီသို့ စောင်းထားပါ ထို့နောက်ညင်သာစွာ စက်ဝိုင်းပုံ သို့မဟုတ် ရှေ့နောက် အတိုအပြတ် ပွတ်တိုက်ပါ။
သွားများရဲ့ အပြင်၊ အတွင်းနဲ့ဝါးသည့်မျက်နှာပြင်များကို အားလုံး တိုက်ပါ။
လျှာကိုလည်း ညင်သာစွာ တိုက်ပါ ၊ခြစ်ပါ။
မှားယွင်းသော သွားတိုက်နည်းများကို ရှောင်ပါ
အလွန်ပြင်းပြင်းတိုက်ခြင်းသည် သွားကြွေလွှာကို ပျက်စီးစေပြီး သွားဖုံးကို ဆုတ်ပြဲစေပြီး အလျားလိုက် တိုက်ခြင်းထက် စက်ဝိုင်းပုံ (သို့မဟုတ်) ထောင့်စောင်းတိုက်ခြင်းက ပိုမိုကောင်းမွန်တဲ့နည်းလမ်းပါ။
သွားတိုက်ချိန်အနည်းဆုံး (၂) မိနစ်ခန့် ထားပြီး သွားကို လေးပိုင်းခွဲကာ တစ်ပိုင်းလျှင် စက္ကန့် (၃၀) နှုန်းဖြင့် တိုက်ပါ။
သွားတိုက်ဆေးဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးကို ပဲစေ့အရွယ်ခန့် အသုံးပြုပါ။
မှန်ကန်သော သွားတိုက်တံနှင့် သွားပွတ်ကြိုးရွေးချယ်ခြင်း
သွားတိုက်တံ အမွေးအပျော့စား (Soft Bristles) သွားတိုက်တံကို ရွေးချယ်ပါ။ မာသောအမွေးများဟာ သွားကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေနိုင်ပြီး သွားတိုက်တံကို( ၃)မှ(၄) လတစ်ကြိမ် လဲလှယ်ပါ။
သွားပွတ်ကြိုး (Dental Floss)သွားကြားများကို သန့်ရှင်းရန် သွားပွတ်ကြိုးကို တစ်နေ့တစ်ကြိမ် အသုံးပြုပါ။
သွားတိုက်ရုံဖြင့် သွားကြားများကို မရောက်နိုင်ပေ။
သွားတိုက်ခြင်းနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာ အထူးအချက်များ
ဗီတာမင် D သည် သွားကျန်းမာရေးအတွက် အရေးပါပြီး ဗီတာမင် D ချို့တဲ့ပါက သွားပိုးစားခြင်း ဖြစ်နိုင်ခြေ ပိုများလာစေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ကွမ်းယာစားသုံးခြင်းဟာ သွားဖုံးရောဂါအတွက် အဓိကအန္တရာယ်အချက်ဖြစ်သည်။
ကိုးကားချက်များ
World Health Organization. (2023, March 14) Oral health
https://www.who.int/news-room/fact-sheets/detail/oral-health
National Institute of Dental and Craniofacial Research. (n.d.). Oral Hygiene
https://www.nidcr.nih.gov/health-info/oral-hygiene
U.S. Centers for Disease Control and Prevention. (2024, May 15)Oral Hygiene Tips https://www.cdc.gov/oral-health/prevention/oral-hygiene-tips.html
American Dental Association. (n.d.).Brushing Your Teeth
https://www.ada.org/resources/community-initiatives/action-for-dental-health/brushing-your-teeth
Mayo Clinic. (2024, November 20)Oral health: A window to your overall health
https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/dental/art-20047475
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
