အခြားသူများကို ကူညီခြင်း (သို့မဟုတ်) စေတနာ့ဝန်ထမ်းလုပ်ခြင်းဟာ လက်ခံသူအတွက်သာမက လုပ်ဆောင်သူကိုယ်တိုင်အတွက်ပါ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေတဲ့ အပြန်အလှန် အကျိုးပြုလုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းလုပ်ခြင်းနဲ့ ကူညီခြင်းတို့ဟာ စိတ်ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ကျန်းမာရေးကိုပါ သိသိသာသာ အထောက်အကူပြုကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။
လူပေါင်း ၃၀,၀၀၀ ကျော်ကို နှစ် ၂၀ ကြာ လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ တစ်ပတ်လျှင် ၂ နာရီမှ ၄ နာရီခန့် ပုံမှန်ကူညီပေးခြင်းသည် ဦးနှောက်အိုမင်းမှုနှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ နှေးကွေးစေကြောင်း တွေ့ရှိရပါတယ်။ ဒီအကျိုးကျေးဇူးကို စနစ်တကျ စေတနာ့ဝန်ထမ်းလုပ်ခြင်းမှာသာမက အိမ်နီးချင်းများ၊ မိတ်ဆွေများ၊ မိသားစုဝင်များကို အလွတ်သဘော ကူညီပေးခြင်းများတွင်ပါ တွေ့ရှိရပါတယ်။

ဦးနှောက်ကျန်းမာရေး အကျိုးကျေးဇူးများ
- သိမြင်မှုစွမ်းရည်ကို ထိန်းသိမ်းပေးခြင်း : တစ်ပတ်လျှင် ၂ နာရီမှ ၄ နာရီ ပုံမှန်ကူညီခြင်းဟာ အသက်အရွယ်ကြောင့်ဖြစ်တဲ့ သိမြင်မှုစွမ်းရည် ကျဆင်းမှုကို ၁၅% မှ ၂၀% အထိ လျှော့ချပေးနိုင်ပါတယ်။ ဤအကျိုးကျေးဇူးသည် ရေတိုသက်ရောက်မှုမျိုးမဟုတ်ဘဲ အချိန်ကြာလာသည်နှင့်အမျှ စုဆောင်းရရှိလာခြင်း ဖြစ်ပါတယ်။
- ရောဂါဖြစ်ပွားနိုင်ခြေ လျှော့ချပေးခြင်း : ပုံမှန် စေတနာ့ဝန်ထမ်းလုပ်ခြင်းသည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး နေ့စဉ်ဘဝ လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ခံရနိုင်ခြေကိုလည်း ကျဆင်းစေပါတယ်။
ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ

- ပျော်ရွှင်စေသော ဟော်မုန်းများ ထွက်ရှိခြင်း : ကူညီခြင်းဟာ Dopamine, Oxytocin နဲ့ Serotonin ကဲ့သို့သော ပျော်ရွှင်စေသည့် ဓာတုပစ္စည်းများ ထွက်ရှိမှုကို အားပေးပြီး ပြေးခုန်ကစားသူများ ခံစားရသည့် မြူးကြွလန်းဆန်းမှုမျိုးကို ဖြစ်ပေါ်စေပါတယ်။
- စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း : စေတနာ့ဝန်ထမ်း လုပ်သူများဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှု ဖြစ်ပွားနှုန်း နည်းပါးပြီး မိမိကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ ဘဝကျေနပ်မှု ပိုမိုမြင့်မားကြပါတယ်။
- စိတ်ဖိစီးမှု လျော့ကျခြင်း : ကူညီခြင်းဟာ မိမိရဲ့ ပြဿနာများအပေါ် အာရုံရောက်နေမှုကို လျှော့ချပေးပြီး ဘဝအမြင်ကို ပိုမိုကျယ်ပြန့်စေပါတယ်။ အဓိပ္ပာယ်ရှိသော လူမှုဆက်သွယ်မှုများကို ဖန်တီးပေးတာကြောင့် အထီးကျန်ဆန်မှုကို ကင်းဝေးစေကာ ရေရှည်ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။
မည်သို့သော ကူညီမှုမျိုးက အကျိုးအရှိဆုံးလဲ
- အချိန်ပမာဏ : တစ်ပတ်လျှင် ၂ နာရီမှ ၄ နာရီခန့် ကူညီခြင်းက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများအတွက် အကောင်းဆုံး ပမာဏဖြစ်ပြီး ထိုထက် အချိန်ပိုပေးရုံဖြင့် အပိုအကျိုးကျေးဇူးကို သေချာပေါက် ရရှိမည်ဟု မဆိုနိုင်ပါ။
- လူချင်းတွေ့ဆုံခြင်း : မျက်နှာချင်းဆိုင် အပြန်အလှန် ဆက်ဆံရမှုများသည် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို ပိုမိုအားကောင်းစေတာကြောင့် ဦးနှောက်ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိစေပါတယ်။
- ကူညီမှုပုံစံ : တရားဝင် စေတနာ့ဝန်ထမ်းလုပ်ခြင်းနဲ့ အလွတ်သဘော ကူညီခြင်း (ဥပမာ – အိမ်နီးချင်းကို ကူညီခြင်း၊ သူငယ်ချင်းအတွက် ဈေးဝယ်ပေးခြင်း) နှစ်မျိုးစလုံးသည် သိမြင်မှုဆိုင်ရာ အကျိုးကျေးဇူးများကို တန်းတူညီမျှ ပေးစွမ်းနိုင်ပါတယ်။
ကိုးကားချက်များ
– Weziak-Bialowolska, D., Skiba, R., & Bialowolski, P. (2024). Longitudinal reciprocal associations between volunteering, health and well-being: evidence for middle-aged and older adults in Europe. European Journal of Public Health 34(3), 473-481.
– Han, S. H., Zhang, S., & Burr, J. (2025). Helping behaviors and cognitive function in later life: The impact of dynamic role transitions and dose changes. Social Science & Medicine
– Harvard Health Publishing. (2025). The heartfelt effects of kindness
https://www.health.harvard.edu/heart-health/the-heartfelt-effects-of-kindness
– UCLA Health. (2025). Volunteering can improve cognitive health
https://www.uclahealth.org/news/article/volunteering-can-improve-cognitive-health
– Harvard T.H. Chan School of Public Health. (2025).
Kindness linked to better physical health, longevity
– Blue Cross Blue Shield of Michigan. (2025). How Simple Acts of Kindness Can Be Good for Your Health
– McNally, S. (2024). Volunteering and charity work offer massive health and community benefits. The BMJ 386 q1887.
https://doi.org/10.1136/bmj.q1887
– UCHealth. (2024). Boost your mood: Harness the power of volunteering and kindness
– Blue Shield of California. (2025). Volunteering Is Good for Your Health!
https://news.blueshieldca.com/2025/05/01/volunteering-is-good-for-your-health
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
