ကိုယ်ဝန်ဆောင်ချိန်တွင် တက်ကြွစွာနေထိုင်ခြင်းဟာ မိခင်နဲ့ သန္ဓေသားအတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေပြီး ကိုယ်ဝန်ဆောင်ချိန်၌ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါနဲ့ အလွန်အကျွံ ကိုယ်အလေးချိန်တက်ခြင်းတို့ကို ကာကွယ်ပေးပြီး စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုယ်ဝန်ဆောင်များအတွက် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀ ) အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်ရန် အကြံပြုထားပါတယ်။ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရာတွင် ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုရမည်ဖြစ်ပြီး ရေဓာတ်ဖြည့်တင်းခြင်း၊ အပူလွန်ကဲခြင်းမှ ရှောင်ကြဉ်ခြင်းနဲ့ ခန္ဓာကိုယ်ရဲ့အချက်ပြမှုများကို နားထောင်ခြင်းတို့သည် အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်ချိန် တက်ကြွစွာနေခြင်း၏ အကျိုးကျေးဇူးများ

- ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အထောက်အကူပြုပြီး ကလေးမွေးဖွားပြီးနောက် ကိုယ်အလေးချိန် ပြန်လည်ရရှိရန် လွယ်ကူစေပါတယ်။
- စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နှင့် စိတ်ကျရောဂါလက္ခဏာများကို လျှော့ချပေးပါတယ်။
- ကြွက်သားများကို သန်မာစေပြီး ကိုယ်ဟန်အနေအထားကို ကောင်းမွန်စေပါတယ်။
- ခံနိုင်ရည်နှင့် ကြွက်သားအားကို တိုးစေပြီး ကလေးမွေးဖွားချိန်တွင် အထောက်အကူပြုပြီးကျန်းမာသော သန္ဓေသားဖွံ့ဖြိုးမှုကို အားပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင် ဘေးကင်းလုံခြုံသော လေ့ကျင့်ခန်းများ
- လမ်းလျှောက်ခြင်းဟာ ဘေးကင်းပြီး လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ကာ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ပြုလုပ်နိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်ယောဂကျင့်တာဟာအသက်ရှူခြင်း၊ ပျော့ပြောင်းမှုနှင့် ဟန်ချက်ညီမှုကို ကောင်းမွန်စေပြီး ပြင်းထန်တဲ့ ကျောကုန်းနှိပ်ခြင်း (သို့မဟုတ်) မှောက်ခုံအိပ်စက်ချင်းအနေအထားများကို ရှောင်ကြဉ်ပါ။
ရှောင်ကြဉ်သင့်သော လေ့ကျင့်ခန်းများ
- ပြုတ်ကျနိုင်ခြေရှိသော အားကစားများ (ဥပမာ – စက်ဘီးစီးခြင်း၊ မြင်းစီးခြင်း၊ နှင်းလျှောစီးခြင်း)
- ဝမ်းဗိုက်ကို ဒဏ်ဖြစ်စေနိုင်သော အားကစားများ (ဥပမာ – ဘတ်စကက်ဘော၊ ဘောလုံး၊ ကိုယ်ခံပညာ)
- အလွန်အကျွံ ခုန်ခြင်း၊ ထိုးခြင်း သို့မဟုတ် ရုတ်ခြည်းလှုပ်ရှားမှုများ
- အသက်ရှူမှုကို ထိန်းထားရသည့် ပြင်းထန်သော လေ့ကျင့်ခန်းများ
ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်ရာတွင် သတိပြုရမည့်အချက်များ
- ဆရာဝန် သို့မဟုတ် သားဖွားဆရာမနှင့် လေ့ကျင့်ခန်းအစီအစဉ်ကို ကြိုတင်ဆွေးနွေးပါ။
- လေ့ကျင့်ခန်းမစမီနှင့် ပြီးနောက် ရေဓာတ် လုံလောက်စွာ ဖြည့်တင်းပါ။
- အပူလွန်ကဲခြင်းကို ရှောင်ရှားရန် အေးမြသော ပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းလုပ်ပါ။
- သက်တောင့်သက်သာရှိသော အဝတ်အစားများနှင့် ဖိနပ်များကို ဝတ်ဆင်ပါ။
- မောပန်းနွမ်းနယ်မှု၊ မူးဝေမှု၊ အော့အန်မှု သို့မဟုတ် ဝမ်းဗိုက်နာကျင်မှုတစ်စုံတစ်ရာခံစားရပါက ချက်ချင်းရပ်တန့်ပါ။
- လေ့ကျင့်ခန်းရဲ့ပြင်းထန်မှုကို တဖြည်းဖြည်းချင်းတိုးမြှင့်ပြီး ကိုယ်ခန္ဓာ၏ အချက်ပြမှုများကို နားထောင်ပါ။
ကိုးကားချက်များ
– Mayo Clinic. (2025). Pregnancy and exercise: Baby, let’s move!
– World Health Organization. (2024). Physical activity
https://www.who.int/news-room/fact-sheets/detail/physical-activity
– American College of Obstetricians and Gynecologists (ACOG). (2024). Physical Activity and Exercise During Pregnancy and the Postpartum Period
– National Institutes of Health (NIH). (2024). Exercise during pregnancy
https://www.nichd.nih.gov/health/topics/pregnancy/conditioninfo/exercise
– Centers for Disease Control and Prevention (CDC). (2024). Physical activity and pregnancy https://www.cdc.gov/physical-activity-basics/guidelines/pregnancy.html
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
