ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ

ဆားရေနွေးဖြင့် ပလုတ်ကျင်းခြင်းသည် ရှေးရိုးစွဲအယူအဆတစ်ခုမျှသာ မဟုတ်ဘဲ ခေတ်မီဆေးပညာအရပါ တကယ်ထိရောက်ကြောင်း သက်သေပြထားသည့် သဘာဝကုထုံးတစ်ခု ဖြစ်ပါသည်။ ဆေးဖိုးဝါးခမကုန်ဘဲ အိမ်မှာတင် အလွယ်တကူ လုပ်နိုင်သည့် ဆားရေနွေးပလုတ်ကျင်းခြင်း၏ အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ဗက်တီးရီးယားများကို နှိမ်နင်းပေးခြင်း – ဆားရည်သည် ခံတွင်းထဲတွင်ရှိသော pH Level (အချဉ်ဓာတ်) ကို ခေတ္တပြောင်းလဲပစ်နိုင်စွမ်း ရှိပါသည်။ ခံတွင်းထဲတွင် အက်ဆစ်ဓာတ်များလျှင် ပိုးမွှားများ ပေါက်ဖွားရလွယ်ကူသော်လည်း ဆားရည်ကြောင့် ပတ်ဝန်းကျင်က အယ်လ်ကာလိုင်း (Alkaline) ဘက်သို့ ကူးပြောင်းသွားသည့်အခါ ဗက်တီးရီးယားများ ဆက်လက်မရှင်သန်နိုင်တော့ပါ။
  • သွားဖုံးရောင်ခြင်းနှင့် သွားကိုက်ခြင်းကို သက်သာစေခြင်း – သွားဖုံးနာခြင်း၊ သွားဖုံးသွေးယိုခြင်းနှင့် သွားကိုက်ခြင်းတို့သည် ခံတွင်းထဲက ပိုးမွှားများကြောင့် ရောင်ရမ်းမှုဖြစ်ရာမှ စတင်ခြင်းဖြစ်ပါသည်။ ဆားရေနွေးဖြင့် ပလုတ်ကျင်းပေးခြင်းက သွားနှင့်သွားဖုံးကြားရှိ အညစ်အကြေးများကို သန့်စင်ပေးပြီး ရောင်ရမ်းမှုကို အမြန်ဆုံး လျော့ကျစေပါသည်။
  • ခံတွင်းအနာ (အပူကန်ခြင်း) များကို သက်သာစေခြင်း – လျှာပေါ်၊ နှုတ်ခမ်းအတွင်းသားများတွင် အနာပေါက်သည့်အခါမျိုး (Canker Sores) တွင် အစာစားလျှင် စပ်၍ အရမ်းနာကျင်ရပါသည်။ ဆားရေနွေးသည် အနာထဲမှ အရည်ကြည်များကို စုပ်ယူပေးပြီး ပိုးဝင်ခြင်းမှ ကာကွယ်ပေးသည့်အတွက် အနာကို သိသိသာသာ မြန်မြန်ကျက်စေပါသည်။
  • လည်ချောင်းနာခြင်းကို သက်သာစေခြင်း – ရာသီဥတုအကူးအပြောင်းတွင် ဖြစ်လေ့ရှိသော တုပ်ကွေး၊ ချောင်းဆိုးပြီး လည်ချောင်းယားယံခြင်း၊ လည်ချောင်းနာခြင်းများအတွက် ဆားရေနွေးက အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်ပါသည်။ လည်ချောင်းထဲမှ သလိပ်များကို ပျော်ဆင်းစေပြီး နာကျင်မှုကို လျော့ပါးစေပါသည်။
  • ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးခြင်း – သွားပွတ်တံ မရောက်နိုင်သည့် နေရာများတွင် ကပ်ငြိနေသော အစာဟောင်းများကို ဆားရေနွေးက ဖယ်ရှားပေးနိုင်ပါသည်။ ခံတွင်းထဲရှိ ပိုးမွှားများကို သေစေသည့်အတွက် ခံတွင်းကို အမြဲသန့်ရှင်းစေပြီး အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးပါသည်။

သတိပြုရန်အချက် ဆားရေနွေးသည် သဘာဝကုထုံးတစ်ခု ဖြစ်သော်လည်း တစ်နေ့လျှင် (၃) ကြိမ်ထက်ပို၍ (သို့မဟုတ်) ရက်ပေါင်းများစွာ ဆက်တိုက် အလွန်အကျွံ အသုံးပြုလျှင် သွားကြွေလွှာများကို ထိခိုက်စေနိုင်ပါသည်။ အကယ်၍ သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းများ ရက်အနည်းငယ်အတွင်း မသက်သာဘဲ ပိုဆိုးလာပါက သွားဆရာဝန်နှင့် သေချာစွာပြသ၍ ကုသမှုခံယူသင့်ပါသည်။