ကိုယ်တိုင်ဆေးသောက်ခြင်း (Self-Medication) ဆိုတာ ဆရာဝန်ရဲ့ဆေးညွှန်းမပါဘဲ မိမိဘာသာ ရောဂါလက္ခဏာများကို ခွဲခြားသိမြင်ပြီး ဆေးဝါးများ သုံးစွဲခြင်းကို ဆိုလိုတာပါ။
ဒီအလေ့အကျင့်ဟာ ကမ္ဘာတစ်ဝန်းတွင် အဖြစ်များလှပြီး အထူးသဖြင့် ဆေးဝါးများ အလွယ်တကူရရှိနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ မြင့်မားသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုတွေ့ရပါတယ်။
ကိုယ်တိုင်ဆေးသောက်ခြင်းသည် ရောဂါလက္ခဏာများကို ချက်ချင်းသက်သာစေနိုင်သော်လည်း ပြင်းထန်သော ကျန်းမာရေးအန္တရာယ်များ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ရောဂါကို မှားယွင်းစွာ ခွဲခြားသိမြင်ခြင်း၊ ဆေးအလွန်အကျွံသောက်ခြင်း၊ ဆေးဝါးများအချင်းချင်း ဓါတ်ပြုခြင်းနှင့် ပဋိဇီဝဆေးများကို အလွဲသုံးစားလုပ်ခြင်းတို့သည် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သော နောက်ဆက်တွဲများဖြစ်ပြီး WHO ရဲ့ ခန့်မှန်းချက်အရ ဆေးဝါးဆိုင်ရာ အမှားအယွင်းများသည် ဆေးဘက်ဆိုင်ရာ ကာကွယ်နိုင်သော ထိခိုက်မှုများ၏ (၅၀% )ကို ဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။
ကိုယ်တိုင်ဆေးသောက်ခြင်း ရဲ့ အဓိကအန္တရာယ်များ
- ဆရာဝန်ရဲ့ကျွမ်းကျင်မှုမပါဘဲ ရောဂါလက္ခဏာများကို မိမိဘာသာ ခွဲခြားသတ်မှတ်ခြင်းဟာမှားယွင်းသော ကုသမှုကို ဖြစ်စေနိုင်ပါတယ်။
- ဥပမာအားဖြင့် ငှက်ဖျားဟု ထင်ပြီး ကိုယ်တိုင်ဆေးသောက်မိခြင်းကြောင့် သေဆုံးသည့် ဖြစ်ရပ်များ ရှိခဲ့ပါတယ်။
- ကိုယ်တိုင်ဆေးသောက်ခြင်းသည် ဆေးဝါးများအချင်းချင်း ဓါတ်ပြုနိုင်ခြေ (Drug-Drug Interactions) ကို သိသိသာသာ မြှင့်တင်ပေးပြီး အထူးသဖြင့် ဆီးချို၊ သွေးတိုးကဲ့သို့သော နာတာရှည်ရောဂါများအတွက် ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆက်လက်သောက်သုံးခြင်းသည် ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့သော ပြင်းထန်သော နောက်ဆက်တွဲများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သုံးစွဲခြင်းသည် ဘက်တီးရီးယားယဉ်ပါးမှုကို ဖြစ်ပေါ်စေပြီး အနာဂတ်တွင် ဆေးများ အလုပ်မလုပ်တော့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကို ပိုမိုဆိုးရွားစေပါတယ်။
- သင့်တော်သော ဆေးပမာဏကို မသိရှိဘဲ သောက်သုံးခြင်းဟာ အဆိပ်သင့်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်သည်။ အကိုက်အခဲပျောက်ဆေး (NSAIDs) များဟာ အစာအိမ်ဆိုင်ရာ ပြဿနာများကို မကြာခဏဖြစ်စေတတ်ပါတယ်။
- ကိုယ်တိုင်ဆေးသောက်ခြင်းသည် ရောဂါရဲ့ မူလအကြောင်းရင်းကို မကုသဘဲ လက္ခဏာများကိုသာ ဖုံးကွယ်ထားနိုင်ပြီး ရောဂါပိုမိုပြင်းထန်လာစေနိုင်ပါတယ်။
ကိုယ်တိုင်ဆေးသောက်ခြင်းကို ဘာကြောင့် ရှောင်ကြဉ်သင့်လဲ
- ဆရာဝန်များသည် ရောဂါရာဇဝင်၊ ဓါတ်မတည့်မှုများနှင့် အခြားသောက်နေသော ဆေးဝါးများကို ထည့်သွင်းစဉ်းစားပြီး သင့်တော်သော ဆေးကို ညွှန်းပေးပါတယ်။
- ဆေးညွှန်းတိုင်းတွင် ဆေးပမာဏ၊ သောက်သုံးသည့်အချိန်နှင့် ကုသမှုကြာချိန်တို့ကို တိကျစွာ သတ်မှတ်ထားပါတယ်။
- ဆေးဝါးကုသမှုဟာ ရောဂါလက္ခဏာကိုသာမက ရောဂါ၏ အရင်းခံအကြောင်းရင်းကိုပါ ပစ်မှတ်ထားပါတယ်။
- လူနာတစ်ဦးအတွက် ထိရောက်သောဆေးဟာအခြားလူနာအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီးမိတ်ဆွေများ သို့မဟုတ် မိသားစုဝင်များရဲ့ ဆေးဝါးများကို မျှဝေသုံးစွဲခြင်းဟာအလွန်အန္တရာယ်များပါတယ်။
ကိုးကားချက်များ
– National Institutes of Health (NIH). (2025). Self-medication – A self-inflicted harm in medical students. PMC
– Pharmacy Times. (2025). Prevent Misuse and Abuse of OTC Medications
https://www.pharmacytimes.com/view/prevent-misuse-and-abuse-of-otc-medications
– Journal of Dr. NTR University of Health Sciences. (2025). Self-medication: An emerging global challenge, the propulsion towards antibiotic resistance and the ramifications.
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။