မိန်းမကိုယ်တွင် ဖြစ်ပွားတတ်သော ပြဿနာများသည် အမျိုးသမီးအားလုံးနီးပါး ဘဝတစ်သက်တာတွင် ရင်ဆိုင်ရလေ့ရှိသည့် အဖြစ်များသော ကျန်းမာရေးပြဿနာများ ဖြစ်ပါတယ်။
အဓိကအားဖြင့် ရောဂါပိုးဝင်ခြင်း၊ ဟော်မုန်းအပြောင်းအလဲ၊ ကိုယ်ခံအားစနစ်ဆိုင်ရာ အကြောင်းရင်းများနဲ့ နေထိုင်မှုပုံစံတို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။
ဒီပြဿနာများကို ဖြေရှင်းရာတွင် အဓိကကျသော အချက်မှာ အကြောင်းရင်းကို မှန်ကန်စွာ သိရှိခြင်း ဖြစ်ပါတယ်။ မိန်းမကိုယ်တွင် ခံစားရသော လက္ခဏာများ (ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အဖြူဆင်းခြင်း၊ နာကျင်ခြင်း) ဟာ ဘက်တီးရီးယား၊ မှိုပိုး၊ ဗိုင်းရပ်စ် (သို့မဟုတ်) ဟော်မုန်းဓာတ်နည်းပါးခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။
လက္ခဏာအမျိုးမျိုးကို အိမ်တွင်းသန့်ရှင်းရေးနည်းလမ်းများဖြင့် သက်သာစေနိုင်သော်လည်း ရောဂါပိုးကြောင့်ဖြစ်လျှင် တိကျသော ဆေးဝါးကုသမှု ခံယူရန် လိုအပ်ပါတယ်။

အဖြစ်များသော မိန်းမကိုယ်ပြဿနာ အမျိုးအစားများ…
ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Vaginosis – BV) – မိန်းမကိုယ်အတွင်းရှိ ကောင်းကျိုးပြုနဲ့ ဆိုးကျိုးပြု ဘက်တီးရီးယားများ မညီမျှခြင်းကြောင့် ဖြစ်ပွားပြီး ကမ္ဘာတစ်ဝန်း မျိုးပွားနိုင်သော အရွယ်ရှိ အမျိုးသမီးများရဲ့ (၂၃) ရာခိုင်နှုန်းမှ (၂၉) ရာခိုင်နှုန်းအထိတွင် ဖြစ်ပွားလေ့ရှိပါတယ်။ အနံ့ပြင်းသော ဆင်းခြင်း၊ ယားယံခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ကုသရာတွင် ပဋိဇီဝဆေးများ လိုအပ်ပါတယ်။
မှိုပိုးဝင်ခြင်း (Vaginal Candidiasis / Thrush) –
Candida albicans မှိုပိုးကြောင့် ဖြစ်ပွားပြီး ပြင်းထန်စွာ ယားယံခြင်း၊ ဒိန်ခဲကဲ့သို့ အနီစဖတ်များ ပါသော ဆင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ကြိမ်သောက် မှိုသတ်ဆေးပြား (သို့မဟုတ်) မိန်းမကိုယ်ထဲ ထည့်ရသည့် ဆေးဝါးများဖြင့် ကုသနိုင်ပါတယ်။
ဟော်မုန်းဓာတ်နည်းပါးခြင်း (Genitourinary Syndrome of Menopause – GSM) – အထူးသဖြင့် သွေးဆုံးပြီးချိန်တွင် အီစထရိုဂျင်ဓာတ် ကျဆင်းခြင်းကြောင့် မိန်းမကိုယ်အတွင်းသားနံရံများ ပါးလွှာခြောက်သွေ့လာကာ ယားယံခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ ဆီးသွားစဉ် ပူလောင်ခြင်းတို့ ဖြစ်ပေါ်နိုင်စေပြီး အီစထရိုဂျင် ခရင်မ်၊ တက်ဘလက် သို့မဟုတ် ကွင်းများဖြင့် ကုသနိုင်ပါတယ်။
ကပ်ပါးပိုးဝင်ခြင်း (Trichomoniasis) – Trichomonas vaginalis ကပ်ပါးပိုးကြောင့် ဖြစ်ပွားသော လိင်မှတစ်ဆင့် ကူးစက်ရောဂါဖြစ်ပြီး ကမ္ဘာတစ်ဝန်း လိင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်မဟုတ်သော ရောဂါများတွင် အဖြစ်အများဆုံး ဖြစ်ပြီး အဝါရောင်-စိမ်းပြာရောင် အမြှုပ်များပါသော ဆင်းခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပဋိဇီဝဆေးဖြင့် ကုသနိုင်ပါတယ်။
အိမ်တွင်းသန့်ရှင်းရေးနှင့်ကိုယ်တိုင်ပြုစုနည်းများ

သန့်ရှင်းရေး – မိန်းမကိုယ်ကို ရေနဲ့ ရနံ့မပါသော ဆပ်ပြာပျော့ဖြင့် နေ့စဉ် ဆေးကြောပါ။ မိန်းမကိုယ်အတွင်းသို့ ရေဆေးသွင်းခြင်း (douching) ကို ရှောင်ကြဉ်ပါ။
အတွင်းခံနှင့် အဝတ်အစား – ချည်သားအတွင်းခံကို ဝတ်ဆင်ပြီး စိုစွတ်သော အဝတ်အစားများကို အချိန်မီ လဲလှယ်ပါ။ ခြေအိတ်၊ ဘောင်းဘီတင်းတင်းများကို ရှောင်ပါ။
ယားယံခြင်း သက်သာစေရန် – အေးသောရေဖြင့် စိမ်ထားသော မျက်နှာသုတ်ပုဝါကို ထိုနေရာတွင် အုပ်ထားပါ သို့မဟုတ် ရေအေးဖြင့် ရေချိုးပါ။
လိင်ဆက်ဆံစဉ် ခြောက်သွေ့ခြင်းအတွက် – ရေအခြေခံ သို့မဟုတ် ဆီလီကွန်အခြေခံ ချောဆီများကို အသုံးပြုပါ။
ရှောင်ကြဉ်ရမည့်အရာများ – ရနံ့ပါသော ရေချိုးသုံးပစ္စည်းများ၊ မိန်းမကိုယ်သန့်စင်ဆေးများ၊ ပြင်းထန်သော ဆပ်ပြာများကို ရှောင်ပါ။
ဆရာဝန်နှင့် ပြသသင့်သောအခြေအနေများ
အောက်ပါလက္ခဏာများရှိပါက ဆရာဝန်နှင့် ပြသသင့်သည် –
- အကြောင်းရင်းမသိဘဲ သွေးဆင်းခြင်း သို့မဟုတ် အစက်အပြောက်ထွက်ခြင်း
- ပုံမှန်မဟုတ်သော၊ အနံ့ဆိုးထွက်သော မိန်းမကိုယ်ဆင်းခြင်း
- အဖျားတက်ခြင်း
- ဆေးဝါးကုသမှုခံယူပြီးနောက် မသက်သာသော ယားယံခြင်း သို့မဟုတ် ဆင်းခြင်း
ကိုးကားချက်များ
– Mayo Clinic. (2025, December 19). Vaginal atrophy –
Symptoms & causes.
https://www.mayoclinic.org/diseases-conditions/vaginal-atrophy/symptoms-causes/syc-20352288
– World Health Organization. (2024). Recommendations for the
treatment of Trichomonas vaginalis, Mycoplasma genitalium, Candida albicans,
bacterial vaginosis and human papillomavirus (anogenital warts).
https://www.who.int/publications/i/item/9789240096370
– World Health Organization. (2025, November 20). Bacterial
vaginosis. https://www.who.int/news-room/fact-sheets/detail/bacterial-vaginosis
– MyHealth Alberta. (2025, May 4). Vaginitis: Care
Instructions.
https://myhealth.alberta.ca/Health/AfterCareInformation/pages/conditions.aspx?hwid=uh2719
– Healthdirect Australia. (2025, November). Vaginal and
groin irritation and infection.
https://www.healthdirect.gov.au/vaginal-irritation-and-infection
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
