ဂျင်း (Zingiber officinale) ဟာပျို့အန်ခြင်းကို သက်သာစေရန် ရှေးယခင်ကတည်းက အသုံးပြုခဲ့သော သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ( Gingerols) နှင့် (Shogaols) များသည် အူလမ်းကြောင်းအတွင်းရှိ Serotonin (5-HT3) နှင့် Acetylcholine (M3) စနစ်များကို အားပျော့စွာ ဟန့်တားပေးသောကြောင့် ပျို့အန်ခြင်းကို လျှော့ချပေးနိုင်ပါတယ် ။

ခေတ်မီသုတေသနပြုချက်များအရ ဂျင်းသည် ဓာတုကုထုံးကြောင့်ဖြစ်သော ပျို့အန်ခြင်းရဲ့ပြင်းထန်မှုကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ် ။ ကိုယ်ဝန်ဆောင်စဉ် နံနက်ခင်းဖျားနာခြင်းအတွက်လည်း ဂျင်းကို ထိရောက်စွာ အသုံးပြုနိုင်ပြီး ၊ ခရီးသွားစဉ် မူးဝေပျို့အန်ခြင်း (Motion Sickness) အတွက်လည်း အကျိုးပြုနိုင်ပါတယ်။

ဂျင်း၏ ပျို့အန်ခြင်းကို သက်သာစေသည့် ယန္တရား

ဂျင်းတွင်ပါဝင်သော Gingerols နဲ့ Shogaols များသည် အူလမ်းကြောင်းရှိ Serotonin (5-HT3) နှင့် Acetylcholine (M3) receptors များကို အားပျော့စွာ ဟန့်တားပေးသည်။

ဂျင်းဟာရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အစာအိမ်နဲ့  အူလှုပ်ရှားမှုကို ထိန်းညှိခြင်းစတဲ့ အခြားသော အကျိုးပြုနည်းလမ်းများဖြင့်လည်း ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဂျင်းသုံးစွဲနိုင်သော ပျို့အန်ခြင်း အမျိုးအစားများ

ဓာတုကုထုံးကြောင့်ဖြစ်သော ပျို့အန်ခြင်း (CINV) ဂျင်းပါဝင်တဲ့ အာဟာရဖြည့်စွက်စာများဟာ ပျို့အန်ခြင်းကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ကလေးသူငယ်များတွင်လည်း အလားတူ အကျိုးသက်ရောက်မှုရှိကြောင်း သုတေသနပြုချက်များအရ သိရပါတယ် ။

ဂျင်းကို နံနက်ခင်းဖျားနာခြင်းအတွက် ထိရောက်သော ဆေးဝါးမဟုတ်သော ကုသနည်းတစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ ဗီတာမင် B6 နှင့် တွဲသုံးပါက ပိုမိုထိရောက်နိုင်စေပါတယ် ။

ဆီးချိုနှင့် ကိုယ်အလေးချိန်ကျဆေးများဖြစ်သော( GLP-1 )ဆေးဝါးများကြောင့်ဖြစ်တဲ့ ပျို့အန်ခြင်းအတွက်လည်း ဂျင်းက အထောက်အကူပြုနိုင်ပါတယ် ။

အကြံပြုထားသော သောက်သုံးနည်းများ

လူကြီးနဲ့အသက်( ၆) နဲ့ အထက် ကလေးများအတွက်( ၀.၅ )ဂရမ် (၅၀၀) မီလီဂရမ်ကို တစ်နေ့( ၂) ကြိမ်မှ( ၄) ကြိမ် သောက်သုံးရန် အကြံပြုထားပြီးခရီးမထွက်မီ မိနစ်( ၃၀)ခန့် အလိုတွင် တစ်ကြိမ်သောက်ပြီး လိုအပ်ပါက( ၄) နာရီတစ်ကြိမ် ထပ်မံသောက်သုံးနိုင်ပါတယ် ။

ကိုယ်ဝန်ဆောင်စဉ် နံနက်ခင်းဖျားနာပါက တစ်နေ့လျှင် စုစုပေါင်း (၁၀၀၀) မီလီဂရမ် (၁) ဂရမ်ထက်မပိုသော ပမာဏကို( ၂)ကြိမ်မှ(၄) ကြိမ်ခွဲ၍ သောက်သုံးရန် အကြံပြုထားပါတယ် ။

အစာမကြေခြင်းဖြစ်ပါက တစ်နေ့လျှင် (၂ )ဂရမ်မှ (၄ )ဂရမ် (၂၀၀၀မှ၄၀၀၀) မီလီဂရမ် သောက်သုံးနိုင်ပါတယ် ။

ဂျင်းကို လတ်ဆတ်တဲ့ အမြစ်၊ အခြောက်လှန်းထားသော အမှုန့်၊ ဆေးတောင့်၊ လက်ဖက်ရည်၊ သကြားလုံး စသည့် ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်ပါတယ်။

သတိပြုရမည့်အချက်များနှင့် ဘေးထွက်ဆိုးကျိုးများ

ကိုယ်ဝန်ဆောင်များအတွက် ဂျင်းဖြည့်စွက်စာများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်သည်။ တိရစ္ဆာန်လေ့လာမှုများတွင် သန္ဓေသားကို ထိခိုက်နိုင်သည့် သက်ရောက်မှုများကို တွေ့ရှိရသော်လည်း လူသားလေ့လာမှုများတွင် သိသာထင်ရှားသော အန္တရာယ်ကို အတည်မပြုနိုင်သေးပါ။

ဂျင်းဟာသွေးခဲခြင်းကို အနည်းငယ် ဟန့်တားနိုင်တာကြောင့် သွေးကျဲဆေး (ဥပမာ – Warfarin) သောက်သုံးနေသူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ သုံးစွဲသင့်ပါတယ်။

လေ့လာမှုများတွင် အဓိကအားဖြင့် ရင်ပူခြင်း (Heartburn) ကို တွေ့ရှိရသည်။

အသက် (၆) နှစ်အောက် ကလေးများကိုတော့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဂျင်းဖြည့်စွက်စာ မတိုက်ကျွေးသင့်ပါ။

ဂျင်းက သွေးခဲခြင်းကို ထိခိုက်စေနိုင်သောကြောင့် ခွဲစိတ်ကုသမှုမခံယူမီ အနည်းဆုံး (၂) ပတ်အလိုတွင် ဂျင်းသုံးစွဲခြင်းကို ရပ်တန့်ထားသင့်ပါတယ်။

ဂျင်းသည် ဆေးဝါးအချို့ (အထူးသဖြင့် အသည်းနဲ့ဆိုင်သောဆေးဝါးများ) နဲ့ ဓါတ်ပြုနိုင်သောကြောင့် ဆေးဝါးသောက်သုံးနေသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်သင့်ပါတယ် ။

ကိုးကားချက်များ

World Health Organization. (2024)Recommendations for the treatment of Trichomonas vaginalis, Mycoplasma genitalium, Candida albicans, bacterial vaginosis and human papillomavirus (anogenital warts)

https://www.who.int/publications/i/item/9789240096370

 Royal Australian College of General Practitioners. (2024, August).Ginger alone or with vitamin B6 for nausea and vomiting in pregnancy

https://www.racgp.org.au/clinical-resources/clinical-guidelines/handi/handi-interventions/other/ginger-with-vitamin-b6-for-nausea-in-pregnancy

 Committee on Toxicity of Chemicals in Food, Consumer Products and the Environment (COT). (2025)Statement on the Safety of Ginger Supplement Use in Pregnancy (COT/2025/01) Food Standards Agency.

https://cot.food.gov.uk

 Balaban, D. H. (2026). Ginger Dietary Supplement May Ease GLP-1-Related Nausea. Medscape https://www.medscape.com/viewarticle/ginger-dietary-supplement-may-ease-glp-1-related-nausea-2026a1000bk9