ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကို ဖြစ်စေနိုင်တဲ့ အဓိက အန္တရာယ်အချက်များ

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection – UTI) သည် ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ဝင်ရောက်ကာရောဂါပိုးဖြစ်ပွားစေတဲ့အဖြစ်များသောရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဉ် လူဦးရေ သန်း ၁၅၀ ခန့်ကို ထိခိုက်စေပါတယ် ။

အဓိကအားဖြင့် _Escherichia coli (E. coli)_ ဘက်တီးရီးယားပိုးက (၇၀)ရာခိုင်နှုန်း မှ(၈၀)ရာခိုင်နှုန်းအထိ  ရောဂါဖြစ်ပွားစေပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ အမျိုးသမီးများတွင် အဖြစ်များဆုံး ကျန်းမာရေးပြဿနာများထဲမှ တစ်ခုဖြစ်ပြီး အမျိုးသမီးတစ်ဝက်ခန့်ဟာ ဘဝတစ်သက်တာတွင် အနည်းဆုံး တစ်ကြိမ် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခံစားရလေ့ရှိပါတယ် ။

အမျိုးသားများကတော့ ဖြစ်ပွားနှုန်းမှာ (၁၀) ရာခိုင်နှုန်းခန့်သာရှိပြီး အမျိုးသမီးများသည် အမျိုးသားများထက် UTI ဖြစ်နိုင်ခြေ (၃) ဆမှ (၄ )ဆ ပိုများပါတယ်။

ကလေးသူငယ်များတွင်လည်း UTI ဖြစ်ပွားနိုင်ပြီး မွေးကင်းစအရွယ်တွင် ယောက်ျားလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသော်လည်း ကျောင်းနေအရွက်ရောက်သောအခါ မိန်းကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါတယ် ။

ခန္ဓာဗေဒဆိုင်ရာ အန္တရာယ်အချက်များ

 အမျိုးသမီးများတွင် ဆီးလမ်းကြောင်း (ဆီးအိမ်မှ ပြင်ပသို့ထွက်သည့်ပြွန်) သည် အမျိုးသားများထက် သိသိသာသာ တိုတောင်းသောကြောင့် ဘက်တီးရီးယားများ ဆီးအိမ်အတွင်းသို့ အလွယ်တကူ ရောက်ရှိနိုင်ပါတယ်။

အမျိုးသမီးများတွင် ဆီးလမ်းကြောင်းသည် စအိုဝနဲ့ မိန်းမကိုယ်နှင့် နီးကပ်စွာ တည်ရှိသောကြောင့် _E. coli_ ကဲ့သို့သော ဘက်တီးရီးယားများ ကူးစက်နိုင်ခြေ ပိုများတယ်လို့သိရပါတယ် ။

လူနေမှုပုံစံနှင့် ဆေးဘက်ဆိုင်ရာ အန္တရာယ်အချက်များ

လိင်ဆက်ဆံခြင်းသည် ဆီးလမ်းကြောင်းသို့ ဘက်တီးရီးယားများ ရောက်ရှိစေနိုင်ပြီး UTI ဖြစ်နိုင်ခြေကို မြှင့်တင်ပေးပါတယ်။ သန္ဓေတားနည်းများသည် မိန်းမကိုယ်အတွင်းရှိ ကောင်းကျိုးပြုဘက်တီးရီးယားများကို ပြောင်းလဲစေပြီး UTI အန္တရာယ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းအပြောင်းအလဲများနဲ့ကြီးထွားလာသော သားအိမ်က ဆီးအိမ်ပေါ်ဖိအားပေးမှုတို့ကြောင့်  UTI ဖြစ်နိုင်ခြေ ပိုများတယ်နိုင်ပါတယ်။

တစ်ကြိမ် UTI ကူးစက်ခံရဖူးပါက နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ခြေ ပိုများပြီး၊ အမျိုးသမီး (၂၀)ရာခိုင်နှုန်းမှ(၃၀) ခန့် ပထမဆုံး UTI ကူးစက်ခံရပြီးနောက် ပြန်လည်ကူးစက်ခံရခြင်း ဖြစ်ပွားတတ်ပါတယ် ။

နောက်ခံကျန်းမာရေးအခြေအနေများ…

ဆီးချိုရောဂါသည် ခုခံအားစနစ်ကို ထိခိုက်စေပြီး အာရုံကြောများကို ပျက်စီးစေကာ ဆီးအိမ်အပြည့်အဝမခွာနိုင်ခြင်းကိုဖြစ်စေသောကြောင့်UTIအန္တရာယ်ကိုမြှင့်တင်ပေးပြီးကျောက်ကပ်ကျောက်တည်ခြင်း( သို့မဟုတ် )အမျိုးသားများတွင် ဆီးကျိတ်ကြီးခြင်း (enlarged prostate) ကဲ့သို့သော အခြေအနေများသည် ဆီးစီးဆင်းမှုကို ပိတ်ဆို့ကာ UTI ဖြစ်နိုင်ခြေကို မြှင့်တင်ပေးပါတယ် ။

ခုခံအားစနစ်အားနည်းခြင်းဟာ ရောဂါပိုးများကို တိုက်ထုတ်နိုင်စွမ်းကို ကျဆင်းစေပြီး UTI ကူးစက်နိုင်ခြေကို မြှင့်တင်ပေးပါတယ် ။

ဆီးအိမ်အတွင်း ဆီးကျန်ရစ်ခြင်းသည် ဘက်တီးရီးယားများ ပွားများရန် နေရာဖြစ်စေတယ်ပါတယ် ။

အသက်အရွယ်ဆိုင်ရာ အန္တရာယ်အချက်များ

အသက် ၆၅ နှစ်နှင့်အထက်တွင် အသက်အရွယ်နှင့်ဆိုင်သော ကျန်းမာရေးပြောင်းလဲမှုများနှင့် အခြားရောဂါများကြောင့် UTI ဖြစ်ပွားမှု အဖြစ်များစေပါတယ် ။

ကလေးသူငယ်များတွင်လည်း UTI ဖြစ်ပွားနိုင်ပြီး မွေးကင်းစအရွယ်တွင် ယောက်ျားလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသော်လည်း ကျောင်းနေအရွက်ရောက်သောအခါ မိန်းကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး မွေးကင်းစယောက်ျားလေးများတွင် အရေပြားဖြတ်တောက်ခြင်း (circumcision) မပြုလုပ်ထားပါက UTI ဖြစ်နိုင်ခြေ (၁၀)ရာခိုင်နှုန်းမှ(၁၂)ရာခိုင်နှုန်းခန့်  ပိုများတက်ပါတယ် ။

ကိုးကားချက်များ

Centers for Disease Control and Prevention (CDC). (2026, March 22). Urinary Tract Infection Basics. https://www.cdc.gov/uti/about/index.html

World Health Organization (WHO). (2005). Urinary Tract Infections in Infants and Children in Developing Countries in the Context of IMCI. Department of Child and Adolescent Health and Development. http://medbox.org/index.php/dl/5e148832db60a2044c2d1fe2

UCLA Health. (2026, January 4).UTIs reflect underlying biology, not cleanliness. https://www.uclahealth.org/news/article/utis-reflect-underlying-biology-not-cleanliness

Office on Women’s Health, U.S. Department of Health and Human Services. (2026, May 3). Urinary tract infections. https://womenshealth.gov/a-z-topics/urinary-tract-infections

HPC Poland. (2025, December 15). Unusual Symptoms and Serious Consequences: Urinary Tract Infections in Older Adults. https://hpc.edu.pl/UNUSUAL-SYMPTOMS-AND-SERIOUS-CONSEQUENCES-r-nURINARY-TRACT-INFECTIONS-IN-OLDER-ADULTS